BREAKING
May 22, 2025

ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

May 22, 2025

ပုံစာ - ရမ်းဖိုကျေးရွာအနီးဝန်းကျင်အား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

မေလ ၂၀ ရက် နံနက် ၅နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ရင်းရှိသည့် ဇဝဲရွာမှ ရမ်းဖိုရွာသို့ အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ရမ်းဖိုရွာအနီးတွင် ဗိုလ်ခရင်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း ၁၁ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင်ရှိသည်။

အဆိုပါစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် နံနက် ၉နာရီကျော်တွင် အင်အား ၅၀ကျော်ပါသည့် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပြန်တက်လာချိန် ရမ်းဖိုရွာအစွန်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဗိုလ်ခရင်းတပ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။

ဇဝဲကျေးရွာတွင် စစ်ကောင်စီ၏ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၅၅၆ ခြေမြန်တပ်ရင်း အခြေစိုက်ထားသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မိနစ်သုံးဆယ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

“(ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာ) နောက်တစ်ချီ ပြန်ချတာက မိနစ် ၃၀လောက် ဖြစ်ကြတယ်။ ဒီဘက် (တော်လှန်ရေး) ကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

မေလ ၁၉ရက်တွင် မြိတ်ဘက်မှ ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်သို့ ကားနှစ်စီးဖြင့် အင်အားဖြည့်တင်းလာပြီးနောက် စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။