ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ပြိုကျပြီး မီးလောင်ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးသွားသဖြင့် လာမည့် ဇွန်လတွင် စာမေးပွဲပြန်လည်ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ဧပြီလ ၂၂ ရက်တွင် ကြေညာသည်။
ကချင်၊ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာများ မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသများတွင် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ စာမေးပွဲ ပြန်လည်ကျင်းပမည်ဟု ဆိုသည်။
ငလျင်ဒဏ်ကြောင့် အခက်အခဲများစွာကြုံတွေ့နေရချိန် စာမေးပွဲပြန်ဖြေဆိုခိုင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့က ကန့်ကွက်ထားကြသည်။
ကျောင်းသားထု အားထုတ်ထားသည့် အဖြေလွှာ လေးသိန်းခန့် မီးထဲပါသွားခြင်းမှာ ဝမ်းနည်းဖွယ်ရာ အခိုက်အတန့်ဖြစ်ပြီး ယင်းအဖြေလွှာများကို အစားထိုးရန်အတွက် မေလ ပထမပတ်ကစပြီး နှစ်ပတ်ကြာ အနီးကပ်သင်တန်းတက်ရန် စစ်ကောင်စီက ကျောင်းသားမိဘများကို ခေါ်ယူပြီး ညှိနှိုင်းနေကြောင်း ဗကသများအဖွဲ့ချုပ်၏ ဧပြီလ ၁၄ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ငလျင်ဒဏ်ကိုလည်း တောင့်ခံရ၊ စားမေးပွဲကိုလည်း ပြန်လည်အာရုံစိုက်ရမည်မှာ ကျောင်းသား၊ ကျောင်းသူများမှာအပေါ် မတရားသည့် ဖြေရှင်းချက်သာဖြစ်ပြီး ကျောင်းသားထုကို ပံ့ပိုးရမည့် မိဘများအတွက်လည်း အထိနာစေကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။
ထို့ကြောင့် ကျောင်းသားထု မနစ်နာစေရန် ဖြေရှင်းပေးရေးအတွက် စစ်ကောင်စီတွင် တာဝန်ရှိကြောင်းလည်း ဖော်ပြသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း စစ်ကောင်စီ၏ လုပ်ရပ်မှာ တာဝန်ယူမရှိ၊ မတရားဖြေရှင်းချက်သာ ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကိုလည်း တောင့်ခံရ၊ နောက်ဆက်တွဲ ငလျင်များကြောင့် စားရေး နေရေး ပူပန်နေရသည့် ကျောင်းသားထုမှာ စာမေးပွဲ ဖိအားထပ်ခံရဦးမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ရွေးချယ်သည့် ပညာရေးစနစ်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက်၊ ဘာသာရပ်အလိုက် ကျောင်းသားများအား လိုအပ်သည့် စိစစ်မှု လုပ်သည့် စနစ်ကိုပြောင်းလဲရန်လည်း တိုက်တွန်းထားကြသည်။
ဦးနု အစိုးရလက်ထက်တွင် မေးခွန်းပေါက်ကြားရာမှ ပေါ်ပေါက်လာသည့် ဟယ်ရီတန်အရေးအခင်းကြောင့် အစိုးရစစ် စာမေးပွဲဖြေဆိုသူအားလုံးကို တပြေးညီ အအောင်ပေးသည့် အဖြစ်အပျက်တစ်ခုရှိသည်ကိုလည်း ပြန်လည် စဉ်းစားရမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။