ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရန်သူမဟုတ်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား ဖြတ်ခွင့်ပြုဟု အီရန်ပြော

March 22, 2026

အီရန်၏ ရန်သူများနှင့် ဆက်စပ်သည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်၏ ပြောကြားချက်ကို ကိုးကား၍ အီရန်သတင်းမီဒီယာများက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ဖော်ပြသည်။

ပင်လယ်ကွေ့ဒေသအတွင်း ရေကြောင်းဘေးကင်းလုံခြုံရေး မြှင့်တင်ရန်နှင့် သင်္ဘောသားများအား အကာအကွယ်ပေးရန်အတွက် အီရန်အနေဖြင့် နိုင်ငံတကာရေကြောင်းအဖွဲ့ချုပ် (IMO) နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အဆိုပါ ကိုယ်စားလှယ် အလီမူဆာဗီက ပြောသည်။

အီရန်၏ ရန်သူများနှင့် မဆက်နွယ်သည့် သင်္ဘောများအနေဖြင့် အီရန်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

“သံတမန်ရေးနည်းလမ်းဟာ အီရန်ရဲ့ ဦးစားပေးအဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ရန်စကျူးကျော်မှုတွေကို အလုံးစုံရပ်တန့်ဖို့နဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေ၏ ပြဿနာအရင်းအမြစ်မှာ အီရန်အပေါ် အစ္စရေးနှင့် အမေရိကန်၏ တိုက်ခိုက်မှုများကြောင့်သာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသည်။

ယင်းကြောင့် ကမ္ဘာ့စွမ်းအင်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အင်မတန် ဆိုးရွားလှသည့် ထိခိုက်မှု ဖြစ်ပေါ်နေပြီး သမိုင်းတလျှောက် အကြီးမားဆုံး ရေနံထောက်ပံ့တင်ပို့မှု ပြတ်တောက်ခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်။

Source: Reuters