ရန်ကုန်မြို့တွင် ခုနစ်ရက်အကြာ ပျောက်နေသည့် ထားဝယ်ဒေသခံအမျိုးသမီးမှာ ယနေ့ မိသားစုနှင့် ပြန်လည်ဆက်သွယ်ရရှိကြောင်း မိသားစုဝင်များက ပြောသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာဇာတိ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာထွန်းသည် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့သို့ ဂျပန် ဘာသာစကားစာမေးပွဲဖြေရန် ထားဝယ်မြို့မှ စတင်ထွက်ခွာသွားပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နောက်ဆုံး အဆက်အသွယ်ရကာ ပျောက်နေခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ပြောသည်။
ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နံနက် ၉နာရီကျော်တွင် မသဉ္ဇာထွန်းသည့် တယ်လီဖုန်းနံပါတ် အသစ်တစ်ခုဖြင့် မိသားစုထံဆက်သွယ်လာကြောင်း ၎င်းက ဆိုသည်။
မသဉ္ဇာထွန်းသည် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေရာတစ်ခုတွင် ရောက်ရှိနေကြောင်း သိရပြီး ရန်ကုန်၌ရှိနေသော ဆွေမျိုးတော်စပ်သူတစ်ဦး၏ အကူအညီဖြင့် သွားရောက်ခေါ်ဆောင်ထားကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“လူပဲ ပြန်တွေ့တာ ကံကောင်းတယ်ပြောရမယ်။ ဒါပေမဲ့ သူ့ပုံကြည့်ရတာ နေမကောင်းတဲ့ ပုံစံဖြစ်နေလို့ အိမ်က ရန်ကုန်ကို မနက်ဖြန် လိုက်သွားမယ်။ အဲဒီအခါကျမှ အကြောင်းစုံသိရမယ်” ဟု ၎င်းက ပြောသည်။
မသဉ္ဇာထွန်း ပျောက်ဆုံးနေချိန် မိသားစုမှ ရန်ကုန်မြို့တွင် သွားရောက်ရှာဖွေ ချိန်မှာလည်း လုံးဝ အဆက်အသွယ် မရကြောင်း မိသားစုဝင်က ဆိုသည်။
မသဉ္ဇာထွန်း ပျောက်ဆုံးနေချိန်အတွင်း ၎င်း၏ လှုမှုကွန်ရက်အကောင့်ဖြင့် ၎င်း၏ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစု ထံ ငွေကြေးချေးငှား တောင်းယူမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း မိသားစုထံမှ သိရသည်။
ထို့အပြင် ဖမ်းဆီးခံထားရသည်ဆိုပြီး စစ်အာဏာရှင်တပ်၏ ဗိုလ်ကြီးဟုဆို ဆိုသူတစ်ဦးကလည်း ငွေလွှဲပေးလျှင် ပြန်လည်လွတ်မြောက်မည်ဖြစ်သည်ဟုလည်း ခြမ်းခြောက်ငွေညှစ်ခဲ့သေးကြောင်း မိသားစုဝင်အချို့က ပြောဆိုသည်။
ယနေ့ ပြန်လည် ဆက်သွယ်ရရှိချိန် မသဉ္ဇာထွန်းမှာ နေမကောင်းသည့်ပုံစံဖြစ်နေသဖြင့် ဆေးခန်းပြပေးရန် စီစဉ်နေကြောင်း သိရသည်။
“လူက ဆေးမိသလိုမျိုးဖြစ်နေတယ်။ သူ့နားမှာ နားကပ် မတွေ့ရလို့ မေးတော့လည်း သူတိတိကျ မပြောနိုင်ဘူးဖြစ်နေတယ်” ဟု မိသားစုဝင်အမျိုးသမီးက ပြောသည်။
လက်ရှိတွင် မသဉ္ဇာထွန်းကို ဆွေမျိုးနီးစပ်သူများ၏ အကူအညီဖြင့် အနီးကပ်စောင့်ရှောက်ထားကြောင်း မိသားစုထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ လူမှုကွန်ရက်အကောင့် ခိုးယူခံရပြီးနောက် ခြိမ်းခြောက်ငွေတောင်းခံရကာ အသက်အန္တရာယ်ကိုလည်း ခြမ်းခြောက်ပြောဆိုခံခဲ့ရကြောင်း ကာယကံရှင်အမျိုးသမီး၏ ပြောဆိုချက်အရ သိရသည်။







