ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရန်ကုန်တွင် ဂျပန်စာ စာမေးပွဲဖြေရန်သွားသည့် ထားဝယ်ဒေသခံ အမျိုးသမီး ပျောက်ဆုံးနေ

February 22, 2026

ဂျပန်စာ စာမေးပွဲဖြေဆိုရန် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့သွားသည့် ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦး ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသူမှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ မသဉ္ဇာထွန်း ဆိုသူဖြစ်သည်။

၎င်းမှာ ဂျပန်ဘာသာစကား စာမေးပွဲဖြေဆိုရန် ဖေဖော်ဝါရီလ ၅ ရက်နေ့က ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

မသဉ္ဇာထွန်းမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မိုးမခလမ်းရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေထိုင်စဉ် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိသာ မိသားစုနှင့် နောက်ဆုံးဆက်သွယ်ရရှိခဲ့ပြီး ယနေ့အထိ ပျောက်ဆုံးနေကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူက ဆေးခန်းပြဖို့ဆိုပြီး ငွေလှမ်းမှာတယ်၊ အဲဒီနေ့ နောက်ဆုံးဆက်သွယ်ရတယ်။ နောက်ထပ်ဆက်တော့ သူ့ဖုန်းကိုလည်း စက်ပိတ်ထားတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

သို့သော် မသဉ္ဇာထွန်းနှင့် ပတ်သက်ပြီး မိသားစုထံသို့ ပုံစံမျိုးစုံဖြင့် ဖုန်းဆက်၍ ငွေကြေးတောင်းခံသည့် အခြေအနေများလည်း မိသားစု၌ ရင်ဆိုင်ကြုံတွေ့နေရကြောင်း အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။

“ဗမာသံနဲ့ ငွေဆယ်သိန်းတောင်းတယ်၊ Wave လွှဲပေးဖို့ ပြောတယ်။ မသဉ္ဇာထွန်းနဲ့ ဖုန်းပေးပြောဖို့ ပြောတော့ ပေးမပြောဘူး။ နောက် ဗိုလ်ကြီးတစ်ယောက်ဆိုပြီး လာပြောတယ်။ ယောက်ျားလေး သုံးယောက်နဲ့ မိန်းကလေး သုံးယောက် လမ်းမှားပြီး ရောက်လာတယ်၊ သူတို့ ဖမ်းထားတယ်ပေါ့။ ကျန်တဲ့သူတွေကိုတော့ တစ်ဖက်ကို ပို့မယ်၊ မသဉ္ဇာထွန်းကို ရွေးမလား၊ ငွေဘယ်လောက်နဲ့ ရွေး၊ ဘယ်လို လွှဲပေးပါဆိုပြီး ဖုန်းဆက်လာတာမျိုးလည်း ရှိတယ်” ဟု မိသားစုဝင်က ဆိုသည်။

မသဉ္ဇာထွန်း ပျောက်ဆုံးသွားသည်မှာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ၇ ရက်ကြာပြီဖြစ်သည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေပြီဟုဆိုသည်။

ထို့ကြောင့် မသဉ္ဇာထွန်းအား တွေ့ရှိပါက မိသားစုဝင်များထံ ဖုန်းနံပါတ် ၀၉-၄၀၃၅၀၆၃၂၃၊ ၀၉-၂၅၀၄၆၅၄၃၁ တို့သို့ ဆက်သွယ်အကူအညီပေးကြပါရန် မိသားစုဝင်များက အကူအညီတောင်းခံထားသည်။