BREAKING
May 13, 2025

FOEIM အွန်လိုင်းကျောင်းက ကျောင်းသားများ၏ အချက်အလက်ပေါက်ကြား

February 22, 2023

မြေပြင်တွင် ကျောင်းမတက်နိုင်သူများကို အွန်လိုင်းစနစ်ဖြင့်ပို့ချနေသည့် FOEIM (Free Online Educational Institution Myanmar) ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသားများ၏ စာရင်းပေါက်ကြားလျက်ရှိသည်။

လုံခြုံရေး ကျိုးပေါက်ကာ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်၏ အချက်အလက်များ ဖေဖော်ဝါရီလ ၂၁ ရက်တွင် အွန်လိုင်းပေါ်သို့ ပေါက်ကြားလာခြင်းဖြစ်သည်။

ပေါက်ကြားလာသည့်အချက်အလက်များတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်နှင့် အီးမေလ်းလိပ်စာများ ပါဝင်သည်။

အဆိုပါကျောင်းတွင် မြန်မာတစ်နိုင်ငံလုံးက သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ သောင်းနှင့်ချီတက်ရောက်နေခြင်းဖြစ်သည်။

“Join ထားတဲ့ သင်ကြားရေး Group တွေထဲက ထွက်ထားရတယ်။ သူများတွေလည်း ထွက်နေကြတယ်။ ကလေးတွေအန္တရာယ်ဖြစ်မှာစိုးလို့” ဟု တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

FOEIM ကျောင်းဘက်ကမူ ပေါက်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားအချက်အလက်များမှာ လက်ရှိကျောင်းတက်နေသူတို့၏ အချက်အလက်များမဟုတ်ဟု ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။

FOEIM အွန်လိုင်းကျောင်း စတင်တည်ထောင်ကာစက နာမည်ကောင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကြေး အလွဲသုံးစားမှုပြဿနာကြောင့် လက်ရှိအချိန်တွင် FOEIM မှာ နာမည်ဆိုးထွက်ပေါ်လျှက်ရှိပြီး စုံစမ်းစစ်ဆေးခြင်းကို ခံနေရသည်။

ယခုကျောင်းသူ၊ ကျောင်းသားအချက်အလက်ပေါက်ကြားခြင်းမှာလည်း FOEIM တည်ထောင်သူနှင့် ရုံးအဖွဲ့တို့ အကြား အခြေအတင်ဖြစ်ပွားနေသည့် ကျပ်သိန်းပေါင်းများစွာသော ငွေကြေးအလွဲသုံးစားမှုပြဿနာ၏ နောက်ဆက်တွဲအကျိုးဆက်တစ်ခုဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

ပေါက်ကြားလာသည့် အချက်အလက်ထဲတွင် ကျောင်းသူ၊ ကျောင်းသားများ၏ နေရပ်လိပ်စာများ မပါသဖြင့် မိဘများ အနေဖြင့် စိုးရိမ်မှု မလွန်ကဲကြဘဲ အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေထိုင်ကြရန်လိုကြောင်း ကျောင်းသားမိဘအချို့ ပြောဆိုသည်။

ကျွမ်းကျင်သူများကလည်း လုံခြုံရေးအရ ပညာသင်ကြားရေးအတွက် ဖွင့်ထားရသည့် တယ်လီဂရမ် (Telegram) အကောင်ပါ ဖုန်းနံပါတ်များကို ဖြုတ်ထားပြီး သတင်းအချက်အလက်များကို အ‌ချိန်နှင့်တပြေးညီစောင့်ကြည့်နေကြရန် တိုက်တွန်းနေကြသည်။

ယခင်ကလည်း အွန်လိုင်းကျောင်းတစ်ခုဖြစ်သည့် K4U လည်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ အချက်အလက်များ အွန်လိုင်းပေါ်ပေါက်ကြားခဲ့သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူအချို့ရှိခဲ့ဖူးသည်။

လတ်တလောတွင်လည်း FOEIM က ဆရာ၊ ဆရာမများမှာ ကျောင်းသားများထက်ပိုပြီး လုံခြုံရေးစိုးရိမ်ရသဖြင့် ပိုမိုသတိပြုကြရန် သတိပေးနေကြသည်။