ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းထိပ်တန်း တက္ကသိုလ်သုံးခု မဟာမိတ်တက္ကသိုလ်များအဖြစ်ပူးပေါင်း

January 22, 2026

မကြုံစဖူး သမိုင်းဝင်အပြောင်းအလဲအနေဖြင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်သုံးခုသည် မဟာဗျူဟာမြောက် မဟာမိတ်တက္ကသိုလ်များအဖြစ် ဖွဲ့စည်းလိုက်ကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် တက္ကသိုလ်သုံးခုအကြား အကန့်အသတ်များ မရှိတော့ဘဲ ကျောင်းသားများအနေဖြင့် တက္ကသိုလ်သုံးခုလုံးတွင် ပညာရပ်များ သင်ယူခွင့် ရရှိမည်ဖြစ်သည်။

ယင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန်အတွက် ခိုင်မာသော မဏ္ဍိုင်တစ်ခုအဖြစ် ပူးပေါင်းရပ်တည်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ မဟီဒေါ၊ ချူလာလောင်ကွန်းနှင့် ချင်းမိုင်တက္ကသိုလ်တို့သည် “MC² Tri-University Partnership” အဖြစ် စတင်ပူးပေါင်းကြောင်း မကြာသေးမီက ကြေညာလိုက်သည်။

ယင်းမှာ တက္ကသိုလ်အဆင့်သတ်မှတ်ချက် ပြိုင်ဆိုင်မှုထက် လူမှုစီးပွားနှင့် မူဝါဒရေးရာများတွင် လက်တွေ့အကျိုးပြုရန် ရည်ရွယ်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

အဆိုပါ တက္ကသိုလ်သုံးခုကြား ပညာရပ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ဇန်နဝါရီ ၁၇ ရက်က ချင်းမိုင်တက္ကသိုလ်၌ လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်အသီးသီးက ကောင်စီဥက္ကဋ္ဌများနှင့် ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြသည်။

ယင်းပူးပေါင်းဆောင်ရွက်မှုကို မဟီဒေါ (M) ၊ ချူလာလောင်ကွန်း (C) နှင့် ချင်းမိုင်တက္ကသိုလ် (CMU) တို့၏ အားသာချက်များကို ပေါင်းစပ်ထားသည့် “MC²” အယူအဆဖြင့် ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမှာ ကမ္ဘာ့စင်မြင့်ထက်တွင် ထိုင်းနိုင်ငံ၏ အင်အားအကောင်းဆုံး ပညာရေးအစုအဖွဲ့ကို ကိုယ်စားပြုကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

တက္ကသိုလ်သုံးခုစလုံးသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် ထိုင်းနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်များအဖြစ် အမြဲရပ်တည်နေသည်။

အထူးသဖြင့် သုတေသန၊ ရေရှည်တည်တံ့မှုနှင့် နိုင်ငံတကာအမြင်ကဏ္ဍများတွင် ယင်းတက္ကသိုလ်သုံးခုက ဦးဆောင်လျက် ရှိသည်။

“ဒါဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေ အခုလို ခိုင်မာစနစ်ကျတဲ့ မဟာမိတ်အဖြစ် ပထမဆုံးအကြိမ် ပူးပေါင်းတာပါ။ သုတေသနနဲ့ ပညာရေးကဏ္ဍမှာ နီးနီးကပ်ကပ်လုပ်ဆောင်သွားမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုချင်းစီရဲ့ အားသာချက်တွေအပေါ် မူတည်ပြီး အပြန်အလှန် ပံ့ပိုးသွားမှာပါ” ဟု ချူလာလောင်ကွန်းတက္ကသိုလ်ကောင်စီနှင့် ချင်းမိုင်တက္ကသိုလ်ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဆူရကီယတ်က ပြောသည်။

MC² မူဘောင်အရ တက္ကသိုလ်များအကြား သီးခြားစီဖြစ်နေမှုကို ဖျက်သိမ်းပြီး တက္ကသိုလ်တစ်ခုတည်းက မဖြေရှင်းနိုင်သည့် နိုင်ငံအဆင့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

Source: Bangkok Post