ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာ ထားဝယ်မြစ်အတွင်းရှိသော ဆင်ဖြူပြင်ဆိပ်ခံဘောသည် ယနေ့ ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ရေဝင်နစ်မြုပ်သွားကြောင်း ထားဝယ်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရသည်။
ဆင်ဖြူပြင်ဆိပ်ခံဘောသည် အလျား ၃၀ ပေ ၊အနံ၂ ၀ ပေ၊ အမြင့် ၆ ပေရှိပြီး ယနေ့ နံနက် ၁ နာရီကျော်တွင် ရေဝင်ပြီး နစ်မြုပ်သွားကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဆယ်ဖို့လုပ်နေပါတယ်။ ဘောက နှစ်ပေါင်းကြာနေပြီဆိုတော့ ဆွေးနေပါပြီ” ဟု ၎င်းက ပြောဆိုသည်။






ဘောတံတားနှင့် တွဲလျက်ရှိသည့် အလျား ၈၀ ပေ၊ အနံ ၁၃ ပေရှိ သံပေါင်သစ်သားကြမ်းခင်း တံတားမှာလည်း ပျက်စီးသည်ကို တိုင်းစစ်ကော်မရှင် ပြန်ကြားရေးရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသော ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
ဆင်ဖြူပြင် ဆိပ်ခံဘောတံတားကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ခရီးသည်များနှင့် ကုန်စည် ပို့ဆောင်ရေးသင်္ဘောများ ဝင်ထွက် ဆိုက်ကပ်ရာတွင် အသုံးပြုသည့် တံတားတစ်စင်းဖြစ်သည်။
အဆိုပါဘောတံတားသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၇ နှစ်တာကာလအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းဒေသများ ရေကြောင်းခရီးသည် ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဆိပ်ခံ ဘောတံတားလည်း ဖြစ်သည်။
ယင်းအပြင် ပြီးခဲ့သည့်နှစ်က တနင်္သာရီတိုင်းတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကုန်းလမ်းများ ပိတ်နေချိန် ထားဝယ်၊ မြိတ်၊ ကော့သောင်း ဒေသများသို့ ရေကြောင်းမှ ခရီးသွားလာကြရာတွင် အမြန်ရေယာဉ်များမှာ အဆိုပါဘောတံတားတွင် ဆိုက်ကပ်ကာ သွားလာခဲ့ကြရသည်။







