ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက် - နဘုလယ်လမ်းကို ဒရုန်းဖြင့်ဗုံးချသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်

January 22, 2026

ပုံစာ - ဇန်နဝါရီလ ၂၀ ရက်က ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် ဒိုက်တကော်ရွာအဝင် တံတားအနီးမြင်ကွင်း။ ဓာတ်ပုံ - ပေးပို့။

ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်ကြားရှိ ကျေးရွာချင်းဆက် ကားလမ်းမပေါ်က ကွန်ကရစ် တံတားတစ်စင်းအနီး စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဒိုက်တကော်ရွာနှင့် ခရင်းချောင်းရွာအကြားရှိ တံတားအနီး ဗုံးတစ်လုံး ချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဗုံးမချမီ ဇာဒီရွာအနီးရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောရောက်ရှိနေသလို စစ်အာဏာရှင်တပ်သားအချို့လည်း ခြေလျင် စစ်ကြောင်းဖြင့် ဇာဒီရွာ၊ ဆင်သတ် (ခြံစု) ရပ်ကွက်သို့ ရောက်ရှိနေကြောင်း ဇာဒီရွာသားတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်သားများ ရောက်ရှိနေသည့် ဇာဒီရွာသို့ တော်လှန်ရေးတပ်များ ရောက်ရှိမလာနိုင်စေရန် ဇာဒီရွာနှင့် တစ်ရွာကျော်တွင် တည်ရှိသည့် ဒိုက်တကော်ရွာအဝင် တံတားကို စစ်အာဏာရှင်တပ်က ကြိုတင် ဗုံးချခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဆင်သတ် (ရပ်ကွက်) ကို စစ်သားတွေ ရောက်နေတယ်လို့ ကြားရပြီးတာနဲ့ ခဏပဲကြာတယ်။ ကင်းထောက် ဒရုန်း အရင်တက်လာတယ်။ ပြီးမှ ဗုံးသီးချိတ်ထားတဲ့ (ဒရုန်း) တစ်စင်းထပ်လာပြီး အကြာကြီးဝဲပြီးမှ ချသွားတယ်” ဟု အထက်ပါ ဇာဒီရွာသားက ပြောသည်။

ဒရုန်းဖြင့် ဗုံးချမှုကြောင့် တံတားအနီးချဥ်းကပ် ကွန်ကရစ်လမ်းတွင် ပေါက်ကွဲခဲ့ပြီး တံတားအနီး ပတ်ဝန်းကျင် ခြုံနွယ်များ မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ယင်းသို့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒိုက်တကော်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာမည်ကို ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒရုန်းကျပြီးတာနဲ့ (ဒိုက်တကော်) ရွာကလူတွေ နှစ်ရက်လောက် ကြောက်ပြီး ပြေး (တိမ်းရှောင်) ရသေးတယ်။ အရင်ကဆို စစ်ကြောင်းနဲ့ သင်္ဘောပဲ ကြောက်ရတယ်။ အခုက ဒရုန်းလည်းကြောက်နေရပြီ။ ရွာသားအချင်းချင်းတောင် လမ်းသွားရင်အပေါ် ကြည့်သွားလို့ သတိပေးကြတယ်” ဟု ဇာဒီရွာဒေသခံက ပြောသည်။

ယခုရက်သတ္တပတ်အတွင်း မည်သည့် စစ်ရေးဖော်ဆောင်မှုမျှ မရှိဘဲ စစ်အာဏာရှင်တပ်ဘက်က အကြောင်းမဲ့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဇာဒီကျေးရွာအုပ်စုဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု များဆောင်ရွက်လေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

“စစ်ရေးလှုပ်ရှားမှု မရှိဘဲ တံတားကို ချတာဆိုတော့ သူတို့ (စစ်အာဏာရှင်တပ်) ရဲ့ ရည်ရွယ်ချက်က တံတားကျိုးစေချင်လို့ ယူဆရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ကံပေါက်တိုက်နယ်တွင် ဇာဒီကျေးရွာအုပ်စုတွင် လမ်းပိုင်းနေရာ ခြောက်ခု၊ ဖားချောင်း ကျေးရွာ အုပ်စုတွင် တစ်နေရာနှင့် ဘုရားမဲရွာတွင် တစ်နေရာ စုစုပေါင်း လမ်းပိုင်း ရှစ်နေရာထက်မနည်း ဖျက်ဆီးထားသည်။

စစ်အာဏာရှင်တပ်သည် ဇာဒီအုပ်စုဘက်သို့ ခြေလျင်စစ်ကြောင်းထိုးခြင်းနှင့် စစ်သင်္ဘောက လက်နက်ကြီး ပစ်ခတ်ခြင်းတို့သာ လုပ်ဆောင်လေ့ရာမှ ၂၀၂၅ ခုနှစ် နှောင်းပိုင်းကစ၍ ဒရုန်းတိုက်ခိုက်မှုကိုလည်း သိသိသာသာအားပြုတိုက်ခိုက်လာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။