ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံ လုပ်ငန်းများကို အရေးယူ၊ မြန်မာ ၁၀ကျော်လည်း ဖမ်းဆီးခံရ

January 22, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံထားသည့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စစ်ဆေး အရေးယူခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၂၁ ရက်တွင် ကော့ဖငန်းပေါ်က စားသောက်ဆိုင် ၂၂ ဆိုင်၊ အဝတ်အစားနှင့် လက်ဆောင်ပစ္စည်းဆိုင် တစ်ဆိုင်နှင့် ဟိုတယ် နှစ်လုံးတို့ကို စူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၇၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။

ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ကိုင်မှုဖြင့် လုပ်ငန်း ငါးခုကို အရေးယူခဲ့သလို နိုင်ငံခြားသားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော လုပ်ငန်း သုံးခုကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။

နောက်ထပ် ဟိုတယ်ဥပဒေအောက်က ဟိုတယ်နှစ်လုံးကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသားများကို တားမြစ်ထားသော နေရာများတွင် အလုပ်ခန့်ထားမှုဖြင့် ကုမ္ပဏီ ၈ ခုကို အရေးယူခဲ့ပြီး နိုင်ငံခြားသား များကို အလုပ်ခန့်ထားပြီးနောက် ၁၅ ရက်အတွင်း အလုပ်သမားရုံးသို့ အကြောင်းမကြားထားမှုဖြင့် လုပ်ငန်း လေးခုကိုလည်း အရေးယူခဲ့ကြောင်း ဆိုသည်။

လုပ်ငန်းခွင်ထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့ကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု၊ အလုပ်ရှင်ပြောင်းထားသည်ကို ၁၅ ရက်အတွင်း အကြောင်း မကြားထားမှုနှင့် အလုပ်လုပ်ခွင့်လက်မှတ် မရှိမှု စသောအမှုများဖြင့် အရေးယူခဲ့ကြောင်း ဆိုသည်။

နောက်ထပ် ကျွန်းပေါ်တွင် ဆေးခြောက်အပါအဝင် ဆေးဖက်ဝင်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူအားလုံးကို ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတစ်ဝန်း ထိုင်းနိုင်ငံသားအမည်ခံထားသော လုပ်ငန်းများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ၊ လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူရေး စီမံချက်အတွင်း အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Ref: Khaosod English, MGR Online, 77 Kaoded