ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂရင်းလန်းကျွန်းကို စစ်ရေးအရ အင်အားသုံးသိမ်းယူမည်ဟု ခြိမ်းခြောက်မှု ထရမ့်ပြန်ရုပ်သိမ်း

January 22, 2026

ဓာတ်ပုံ - Reuters

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် အင်အားသုံးမည်ဆိုသည့် ခြိမ်းခြောက်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၁ ရက်တွင် ပြန်ရုပ်သိမ်းလိုက်သည်။

ယင်းအတွက် အမေရိကန်သမ္မတ၏ လိုလားချက်ကို ဖြည့်ဆည်းရန်နှင့် မဟာမိတ်များအကြား စိုးရိမ်မှုကို လျှော့ချရန် ထရမ့်၏ လက်ထောက်များက အသည်းအသန် ကြိုးပမ်းခဲ့ရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဂရင်းလန်းကို သိမ်းပိုက်ရန် စစ်ရေးအင်အားသုံးရန် အစီအစဉ်မရှိကြောင်း ထရမ့်က ဗုဒ္ဓဟူးနေ့က ဒါးဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂရင်းလန်းကို သိမ်းပိုက်ရန် အမေရိကန်စစ်အင်အားသုံးနိုင်ခြေကို ချန်လှန်ထားရန် သီတင်းပတ်များစွာ ငြင်းဆန်လာခဲ့ပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဟု ၎င်း ခြိမ်းခြောက်ထားသည့် သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်မှုများကိုလည်း လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

ဂရင်းလန်းအရေးတွင် အိမ်ဖြူတော်အရာရှိများက ပိုမိုပျော့ပျောင်းသည့် ချဉ်းကပ်မှုကိုသာ အလိုရှိကြပြီး အမေရိကန် စစ်အင်အားဖြင့် ဂရင်းလန်းကို သိမ်းပိုက်မည့်အပေါ် စိတ်အားထက်သန်မှု မရှိကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော်သတင်းအရင်းအမြစ်များက ဆိုသည်။

နေတိုးအတွင်းရေးမှူးချုပ်နှင့် ၎င်းတို့နှစ်ဦးအကြား ဂရင်းလန်းနှင့် အာတိတ်ဒေသတစ်ခုလုံးဆိုင်ရာ သဘောတူညီချက်မူဘောင်တစ်ခု ရရှိခဲ့ပြီ ဖြစ်ကြောင်း ထရမ့်က ပြောသည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အခြေအနေသည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ထရမ့်၏ စွဲလမ်းမှုနှင့် လက်တွေ့နိုင်ငံရေး ၊ သံတမန်ရေး အရှိတရားအကြား ပွတ်တိုက်မှုကို မီးမောင်းထိုးပြနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

မူဝါဒများကို ရုတ်တရက် ပြောင်းလဲတတ်သည့် သမ္မတထရမ့်၏ ဒုတိယသက်တမ်းကို ပုံရိပ်ထင်ဟပ်စေပြီး နိုင်ငံရေး၊ စီးပွားရေး ဖိအားများကြောင့် ဆုံးဖြတ်ချက်များကို ထပ်တလဲလဲ ပြောင်းလဲခြင်းသည် ထရမ့်အတွက် အထူးအဆန်းမဟုတ်တော့ကြောင်း ဖော်ပြသည်။

Source : Reuters