သရက်ချောင်းမြို့နယ်အောက်ဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ ပြန်လည်ထွက်ပြေးနေရကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများထံမှသိရ သည်။
အင်အား ၂၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၂၁ ရက်တွင် ဆင်ကူးမှ ဘုတ်တောင်အထိ စစ်ကြောင်းထိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်ခန့်တွင် ဘုတ်တောင်မှ ကတွဲ၊ ကျောက်ခမောက်၊ ဆိတ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း၊ ရငဲ၊ ကမြိုင်စသည့်ကျေးရွာများကို စစ်ကြောင်းဆက်ထိုးနေသည်ဟု ဒေသခံများကဆိုသည်။
စစ်ကြောင်းထိုးစဉ် လမ်းမှာတွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားပြီး တခြားရွာသို့ရောက်ရှိချိန်တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ၎င်းတို့ကပြောသည်။
ရော်ဘာခြစ်သွားသည့် အသက် ၃၀ ခန့်ရှိ ကတွဲရွာသား အမျိုးသားနှစ်ဦးကိုလည်း တောကောင် ပစ်ရန်ယူဆောင်သွားသည့် တူမီးသေနတ်ပါလာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးထံက သိရသည်။
“ပြန်လွှတ်ပေးသူတွေလည်း ပြန်လွှတ်ပေးတယ်။ သူတို့ညီကိုနှစ်ယောက်ကတော့ ဒီနေ့ပဲ မနက်စောစော ရော်ဘာခြစ်သွားရင်း လမ်းမှာတိုးမိပြီးဖမ်းမိတယ်။ သူတို့မှာ တူမီးလည်းပါသွားတယ်ပြောတယ်၊ သူတို့နှစ်ယောက်ကို ဝင်းဝစခန်းရောက်မှပဲ ပြန်လွှတ်ပေးမလားမသိဘူး၊ တူမီးက သားကောင်ပစ်ဖို့ နယ်တွေမှာ အဲလိုပဲ ယောကျ်ားတွေကိုင်ကြတယ်” ဟု အထက်ပါ ဆွေမျိုးနီးစပ်တော်သူက ဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့်တိုးလျှင် ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လမ်းပြခိုင်းခြင်းတို့ ပြုလုပ်သဖြင့် ဒေသခံများမှာ အတွေ့မခံရဲဘဲ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ၎င်းတို့က ပြောသည်။
ယင်းအပြင် စစ်အာဏာရှင်စစ်ကြောင်းမှာ စစ်ကြောင်းထိုးရောက်ရှိခဲ့သည့် ကျေးရွာအချို့ရှိ နေအိမ်များနှင့် ဈေးဆိုင်များကို ရိုက်ဖျက်မွှေနှောက်ရှာဖွေပြီး စားစရာများကို ယူဆောင်သွားသည်လည်းရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။







