ဆယ်နှစ်ကြာရပ်ထားသည့် ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲမည်ဟု မြိတ်မြို့နှင့်ထားဝယ်မြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဟု မြိတ်မြိုရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။
“မနက်ဖြန် အမြန်ရေယာဉ်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
ကုန်းလမ်းကြောင်းတွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်လေ့ရှိသဖြင့် တနင်္သာရီတိုင်းမှ ခရီးသွားများမှာ ရေကြောင်း၊လေကြောင်းတို့ကို အားပြုသွားလာနေကြခြင်းဖြစ်ပြီး ယခင်က အမြန်ရေယာဉ်အငယ်စားများဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။
ပင်လယ်ပြင်ရာသီဥတု အခြေအနေအရ ရေကြောင်းခရီးစဉ်ကို စပိတ်ဘုတ်အမြန်ရေယာဉ် အငယ်စားများဖြင့် ပြေးဆွဲလျက်ရှိရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုက ရာသီဥတုဆိုးလို့ စပိဘုတ်ရေယာဉ်က လမ်းကနေ ပြန်လှည့်လာရတာတွေရှိတယ်။ အခြေအနေအရ ပြောင်းလိုက်ရတာပေါ့နော်”ဟု ယင်းအမျိုးသားကပြောသည်။
ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်များကို ၁၉၉၉ ခုနှစ်မှစ၍ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်သုံးစီးဖြင့် ကနဦးစတင် ပြေးဆွဲခဲ့သော်လည်း ထီးခီးနယ်စပ်ဂိတ်နှင့် မောတောင်နယ်စပ်ဂိတ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု နည်းပါးသွားခြင်းကြောင့် ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍အဆိုပါအမြန်ရေယာဉ်ခရီးစဉ် ပြေးဆွဲမှုများ ရပ်နားလိုက်ကြသည်။
ဆယ်နှစ်ကြာရပ်နားပြီးနောက် ယခုပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ထားဝယ်-မြိတ် အမြန်ရေယာဉ်စီးနင်းခမှာ ခရီးစဉ်တစ်ကြောင်းအတွက် တစ်ဦးလျှင် နှစ်သိန်းငါးသောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း အထက်ပါခရီးသွားလုပ်ငန်းများထံမှ သိရသည်။
ရှပ်ပြေးအမြန်ရေယာဉ်တွင် ခရီးသည် ၂၀၀ ဦးခန့် လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး အမြန်ရေယာဉ်လက်မှတ်များကို ထားဝယ်မြို့ မြို့တွင်းလမ်း၊ အမှတ်(၇၆)AK (Aung Khaing)စင်းလုံးငှား ယာဉ်ငယ်အသင်းနှင့် မြိတ်မြို့ရှိ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ကွက်၊ ဆိပ်ငယ်ဘောတံတားအနီးရှိ MOE (Myeik) ခရီသွားလုပ်ငန်းတို့ထံတွင် ရရှိနိုင်မည်ဖြစ်သည်။
မြိတ်မြို့မှ ထားဝယ်မြို့ သို့ အမြန်ရေယာဉ်ခရီးစဉ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက် ၈ နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။







