BREAKING
November 21, 2025

ပလမြို့အနီး သင်္ကန်းတောရွာအနီးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲ

November 21, 2025

ပုံစာ - တော်လှန်ရေးတပ်များသိမ်းဆည်းရရှိသည့် သေနတ်များနှင့် စစ်သုံးပစ္စည်းများကို တွေ့ရစဉ်။

ပုလောမြို့နယ်၊ ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို မီးရှို့ပြီး ကဒဲရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်အချို့နှင့် ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်အာဏာရှင်တပ်သား ၄၀ ဝန်းကျင်သည် သင်္ကန်းတောရွာမှ ကဒဲရွာဘက်သို့ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့က သင်္ကန်းတောရွာကို မီးရှို့ပြီး တက်လာတယ်။စစ်ကြောင်းက ခြေလျင်ထိုးလာတယ်။ ပ‌ဒေသာမိုင်း(အတွဲလိုက်)နဲ့ ချလိုက်တယ်။အသေများနိုင်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ၏ သေနတ်များနှင့် စစ်သုံးပစ္စည်းအချို့ တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသွားသည့် စစ်အာဏာရှင်တပ်သားများကို ရွာအတွင်းမှ သယ်ထုတ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၈ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက သင်္ကန်းတောရွာရှိ နေအိမ် ၆ ဆောင်ဝန်းကျင်ကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

“စစ်သားတွေက ၅ ရက်နေ့ကစပြီး သင်္ကန်းတောရွာကို တောင်တစ်အိမ်၊မြောက်တစ်အိမ် မီးလိုက်ရှို့နေတယ်။၁၈ရက်နေ့ မီးရှို့တာက ပြည်ထောင်စုလမ်းမကြီးအနီးမှာရှိတဲ့အိမ်တွေကို မီးရှို့နေတော့ ကားသမားတွေက တွေ့ရလို့ လာပြောကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ပလမြို့နှင့်အနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ကာလရှည် တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။