မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်ထားသည့် မြိတ်မြို့ပေါ်ရှိ အခမဲ့ဆေးကုသခန်းကို နေရာအခက်အခဲကြောင့် ယာယီပိတ်သိမ်းရမည့်အခြေအနေရှိနေကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။
လက်ရှိ ဆေးခန်းဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ နေရာကို အခမဲ့ အသုံးပြုခွင့်ပေးထားသည့် မူလပိုင်ရှင်များက ပြန်ယူတော့မည်ဖြစ်သည့်အတွက် ဆေးခန်းဖွင့်ရန်နေရာအခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ အသင်းခွဲဥက္ကဌ ဒေါက်တာတင်စိုးမိုးက ပြောသည်။
ဆေးခန်းဖွင့်ရန်အတွက် အစားထိုးမြေနေရာအဆင်မပြေပါက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆေးခန်းကို ယာယီပိတ်ထားရနိုင်ကြောင်း ဆေးခန်းတွင် ကိုယ်တိုင်ဦးဆောင်ကုသပေးနေသူလည်းဖြစ်သည့် ဒေါက်တာ တင်စိုးမိုးက ဆိုသည်။
“မူလပိုင်ရှင်တွေကလည်း ဆေးခန်းဖွင့်ထားတဲ့ အဆောက်အအုံကို သုံးဖို့လိုလာလို့ ကျွန်တော်တို့ကို အသိပေးလာပါတယ်၊ သူတို့လည်း (နေရာ)အခမဲ့ပေးသုံးလာတာ ၂ နှစ်လောက်ရှိနေပါပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆေးခန်းဖွင့်ရန် လိုအပ်သည့်နေရာနှင့် အဆောက်အအုံကို ဘုန်းကြီးကျောင်းနှင့် မြိတ်မြို့ခံအချို့က အခမဲ့အသုံးပြုခွင့်ပေးရန် ကမ်းလှမ်းမှုများရှိနေပြီဖြစ်သော်လည်း တည်နေရာအနေအထားကြောင့် မဆုံးဖြတ်ရသေးကြောင်း ဒေါက်တာ တင်စိုးမိုးက ဆိုသည်။
အဆိုပါ အခမဲ့ဆေးကုခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလကုန်အထိ ၂ နှစ်ဝန်းကျင်အတွင်း လူနာအရေအတွက် နှစ်သောင်းခွဲကျော်ကို ဆေးကုသပေးခဲ့ကြောင်း ၎င်းက ပြောသည်။
“ဆေးခန်းလာတဲ့သူတွေ ဘာမှကုန်ကျစရာမရှိပါဘူး။ မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးတွေကို ကျွန်တော်တို့ အခမဲ့ပေးပါတယ်” ဟု ဒေါက်တာတင်စိုးမိုးက ဆိုသည်။
ဆေးခန်းတွင် ဆီးချို၊ သွေးတိုးကဲ့သို့သော နာတာရှည်လူနာများ လာရောက်ကုသမှုများပြီး မြိတ်မြို့ခံများအပြင် မြိတ်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကပါ လာရောက်ကုသကြကြောင်း သိရသည်။
ဆေးခန်းကို အပတ်စဥ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ပုံမှန်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင်လူနာအရေအတွက် ပျမ်းမျှ ၁၂၀ ဦးခန့် လာရောက်ပြသနေကြောင်း အထက်ပါဆေးခန်းထံမှ သိရသည်။
လက်ရှိခက်ခဲကျပ်တည်းကြသည့် ကာလတွင် အခမဲ့ဆေးခန်းကို မပိတ်သိမ်းရဘဲ ပုံမှန်လည်ပတ်နိုင်ရန် မျှော်လင့်ကြောင်း မြိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုလိုအခက်အခဲကာလတွေမှာ အခမဲ့ဆေးကုခန်းတွေဆိုတာက တကယ်လိုအပ်ပါတယ်။ မြိတ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ သူတို့ထဲကတစ်ယောက်ယောက် ကူညီရင်တော့ကောင်းမှာပါ” ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့တွင်လည်း နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ လုပ်ငန်းများ ရပ်နားလိုက်ရသည့်အတွက် MSF(ထားဝယ်)က ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလကုန်က အပြီးပိတ်သိမ်းခဲ့ရသည်။







