ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်၏ စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတပြော

November 21, 2025

အမေရိကန်ကျောထောက်နောက်ခံပြု စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာလ ၂၀ ရက်က ပြောကြားလိုက်သည်။

အဆိုပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဥ်ကို အမေရိကန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ၊ လာမည့်ရက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယင်းကိစ္စကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

အမေရိကန်ကျောထောက်နောက်ခံပြု အဆိုပါ ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်ကို ဥရောပနိုင်ငံများက ဆန့်ကျင်လျက် ရှိသည်။

အဆိုပါ အစီအစဉ်အရ ယူကရိန်းအနေဖြင့် နယ်မြေများ ပိုမိုစွန့်လွှတ်ရမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

ယင်းအစီအစဥ်မှာ ယူကရိန်းအဖို့ လက်နက်ချသည်နှင့် အတူတူပင် ဖြစ်သည်ဟု ယူကရိန်း၏ မဟာမိတ်များက ကြာမြင့်စွာ ရှုမြင်လာခဲ့ကြောင်း ဖော်ပြသည်။

သို့သော် ယူကရိန်းသမ္မတ ဇလန်းစကီးက အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်၏ အစိတ်အပိုင်းများအတွက် အမေရိကန်နှင့် ယူကရိန်းတို့ လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်မူကြမ်းကို လက်ခံရရှိထားပြီး ဖြစ်ကြောင်း ယူကရိန်းသမ္မတရုံးက ဆိုသည်။

“ယူကရိန်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ စစ်ပွဲရပ်စဲရေးအစီအစဉ်ပါ အချက်တွေကို အတူတကွ အကောင်အထည်ဖော်ကြမှာပါ” ဟု သမ္မတဇလန်းစကီးက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

“အပြုသဘောဆောင်ပြီး ရိုးသားမှုရှိရှိနဲ့ လျင်လျင်မြန်မြန် လုပ်ဆောင်သွားကြဖို့ ကျွန်တော်တို့ အသင့်ပါပဲ”ဟု ၎င်းက ဆိုသည်။

အချက် ၂၈ ချက်ပါ အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်၏ အသေးစိတ်အချက်များကို ယူကရိန်းသမ္မတရုံးက မထုတ်ပြန်သေးပေ။

အဆိုပါ ယူကရိန်းစစ်ရပ်စဲရေးအစီအစဥ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကို့ဖ်တို့က အချိန်တစ်လခန့်ကြာအောင် လျှို့ဝှက်စွာ ရေးဆွဲခဲ့ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က ပြောသည်။

သမ္မတထရမ့်ကလည်း အဆိုပါ အစီအစဥ်ကို ထောက်ခံမှုပေးထားကြောင်း သူမက ဆိုသည်။

Source: Reuters