BREAKING
October 30, 2025

တိုင်းအစိုးရအဖွဲ့ Speed Boat ဝယ်မည်

November 21, 2020

တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းနိုင်ရန်အတွက် အမြန်ရေယာဉ် (Speed Boat) တစ်စီး ဝယ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင်များ စီးနင်းမည့် လူ ၁၈ ဦးဆံ့ အဆိုပါယာဉ် ဝယ်ယူပြီးပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစိစစ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းအစိုးရအနေနှင့် အမေရိကန်နိုင်ငံထုတ် Speed Boat တစ်စီး ဝယ်ရန်အတွက် တင်ဒါခေါ်ထားပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် တင်ဒါ ပိတ်မည်ဖြစ်သည်။

သဘာ၀ဘေးအတွက် ထားဝယ် လေးမြို့နယ် ဖိုင်ဘာလှေတစ်စီးစီ ရမည်

“အဓိကကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သွားလာတဲ့အခါမှာ စီးဖို့အတွက်ပေါ့နော်။ လှေနဲ့ သွားရမယ့်ကိစ္စတွေ၊ စပိဘုတ်နဲ့ သွားရမယ့်ကိစ္စဆိုရင် စီးဖို့အတွက်ဝယ်မှာ” ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။

ဝယ်ယူရာတွင် အသုံးပြုမည့် ငွေကြေးပမာဏကိုမူ လက်ရှိမထုတ်ပြန်နိုင်သေးသကဲ့သို့ မည်သည့်နေရာတွင် ထားရှိမည်ကိုလည်း မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် ကျွန်းပေါင်း ၈၀ဝ ကျော်ရှိပြီး မြို့နယ်အချို့မှာ ပင်လယ် အတွင်းတည်ရှိသည်။