BREAKING
October 21, 2025

မြိတ်မှ ထားဝယ်ဘက်သို့ လာသည့်ကားလမ်း ဖြတ်သန်းခွင့်ပိတ်

October 21, 2025

ပုံစာ - မြိတ်-ထားဝယ်ကားလမ်းပေါ် လမ်းပိတ်ထားစဉ်။ (ပုံဟောင်း)

စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်ကားလမ်းတွင် ထားဝယ်ဘက်သို့သွားသည့် အတက်တစ်ခြမ်းကို ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်က စတင်ပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အင်အား တစ်ရာကျော်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ကားသုံးစီးဖြင့် လာပြီး အောက်တိုဘာလ ၂၀ရက်တွင် ဆင်ကူးရွာ၌ တစ်ညအိပ်ပြီးနောက် ယနေ့နံနက်အစောပိုင်းတွင် ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်း ကျေးရွာများကို ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် လက်ရှိ ကားလမ်းပိတ်သည့်နေရာနှင့်ဆိုလျှင် ထားဝယ်ဘက်ခြမ်းတွင် ရှိပြီး စစ်ကြောင်းရှိသည့်ဘက်ခြမ်းက မြိတ်ဘက်သို့ လာသည့် ကားများမှာ ဖြတ်သန်းသွားလာခွင့်ရကာ စစ်ကြောင်းရှိသည့် ထားဝယ်ဘက်သို့ သွားမည့်ကားများကိုမူ ဖြတ်သန်းခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“မနက်ကတည်းက မြိတ်ဘက်က တက်လာတဲ့ကားတွေကို ပိတ်ထားတယ်၊ အခုအထိပဲ။ ကျွန်တော်တို့ရွာမှာကို (ကား) တစ်ဆယ်ကျော်လောက်ရှိတယ်၊ စောင့်နေကြတာ။ ထားဝယ်ကနေ မြိတ်ဘက် အဆင်းကားတွေကိုတော့ လွှတ်ပေးနေတယ်” ဟု လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၃နာရီခွဲဝန်းကျင်တွင် ပြောသည်။

လမ်းပိတ်ထားသည့် အခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ တာဝန်ရှိသူထံ စာဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယနေ့ ညနေပိုင်းအထိ ထားဝယ်ဘက်သို့ ဖြတ်သန်းသွားလာခွင့်မရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

“မနက်တည်းက ကားလမ်းတစ်ခြမ်းပိတ်ထားတယ်၊ အခုညနေအထိပဲ၊ ကျွန်တော့်ကလေး ကျောင်းသွားကြိုဖို့ ကျောင်းကားတောင် သွားလို့မရဘူး။ ကလေးကို အသိတစ်ယောက်က သွားကြိုပြီးခေါ်ပေးထားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

သရက်ချောင်းမြို့နယ် ဝင်းဝတံတားစစ်ဆေးရေးဂိတ်က စစ်အာဏာရှင်တပ်သားများသည် တပ်ဖွဲ့အချိန်းအပြောင်းလုပ်ရန် သရက်ချောင်းမြို့နယ် အောက်ဘက် (တောင်ဘက်) ခြမ်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

“မနက်တည်းက ဆင်ကူး၊ ဆင်ကျန်းကနေ ဖြည်းဖြည်း ဖြည်းဖြည်းတိုးလာနေတာ အခု ကျွဲစပ်၊ ချောက်ချောင်း ဘက်ရောက်နေပြီလို့ ပြောတယ်” ဟု စုံစင်ဖျားရွာက အထက်ပါအမျိုးသားက ပြောသည်။

လက်ရှိတွင် ကားလမ်းပိတ်ထားသဖြင့် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ သွားသည့် ကားများ လမ်းကြောင်းတစ်လျှောက် ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။