ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် အမှတ် ၃၀၄ အမြောက်တပ်က ယနေ့ အောက်တိုဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်တွင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
ကျောက်ကညာကျေးရွာသည် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး နတ်တွင်းကျေးရွာမှာ ထားဝယ်မြစ်၏ နောက်ဘက်ကမ်းတွင် တည်ရှိသည်။
“(လက်နက်ကြီး ပစ်ခတ်သံ) လေးငါချက်ကြားတယ်။ ရွာထဲကိုပဲ ကျတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် နတ်တွင်းကျေးရွာရှိ နေအိမ် ၃ ဆောင်နှင့် ကားတစ်စီး ထိမှန်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် လက်နက်ကြီးကျည်တစ်လုံးသည် ညင်းထွေကျေးရွာ၏ အနောက်ဘက် ထားဝယ်မြစ်ကမ်းဘေး လှေဆိပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။