BREAKING
October 21, 2025

ပလမြို့အနီး သင်္ကန်းတောရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့်ဗုံးကြဲ

October 21, 2025

ပလမြို့အနီး သင်္ကန်းတောရွာနှင့် တန်းရှင်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၁ရက် နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဥ်ဖြင့် သင်္ကန်းတောရွာနှင့် အနီးတစ်ဝိုက်ကို ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ခေါင်းပေါ်က လာဖြတ်ပျံသွားသလို ဖြစ်နေတယ်။ ဗုံးကြဲခဲ့တာ တဲတွေမှာလည်း အစလာစင်‌သေးတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

တန်းရှင်းရွာနှင့် သင်္ကန်းတောရွာမှာ ရွာချင်းကပ်နေပြီး ပလမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသည်။

နောက်ထပ်ဗုံးတစ်လုံးမှာ ပလမြို့မှ ပုလောမြို့ကို သွားသည့် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကျရောက်ပေါက်ကွဲပြီး လမ်းမီးတိုင်အချို့ ပျက်စီးသွားကာ ဗုံးကျ‌ရောက်သည့်နေရာတွင် တွင်းကြီးအဖြစ်ကျန်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲက ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်ပဲ ဖြစ်နေတယ်။ တအားပြင်းထန်တာမျိုးတော့ မကြားရဘူး။ လေကြောင်းက အဲဒီနားတစ်ဝိုက်ပဲ လာကြဲနေတော့ ရွာသားတွေက ရှောင်နေကုန်ပြီ” ဟု အထက်ပါဒေသခံက ပြောသည်။

အောက်တိုဘာလ ၁၆ရက်ကလည်း တန်းရှင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သေးသည်။

ယနေ့ နံနက်တွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာဝန်းကျင်ကိုလည်း စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။