ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာ နှစ်ရွာတွင် နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလ ၁၈ရက် ညနေပိုင်းတွင် ရေဖြူမြို့နယ် ဒေါက်လောက် ကျေးရွာဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ ရောက်ရှိချိန် ခမောင်းချောင်းနှင့် ဝက်ချောင်းရွာကြားတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ခမောင်းချောင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ရွာထဲမှာပဲ ဖြစ်တာ။ ရွာသားတွေ အကုန်ထွက်ပြေး။ တိုက်ပွဲဖြစ်ပြီး (စစ်အာဏာရှင်တပ်) သူတို့ဘက်က ပစ်နေတာ တစ်ညလုံးပါပဲ။ PDF တွေက ထိခိုက်မှု မရှိဘူးလို ကြားရတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလလ ၁၈ ရက် ညတွင်ပင် ခမောင်းချောင်းကျေးရွာရှိ နေအိမ် ကိုးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနောက် အဆိုပါစစ်ကြောင်းသည် ခမောင်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ဝက်ချောင်းကျေးရွာမှ နေအိမ် ခုနစ်ဆောင်ကိုလည်းအောက်တိုဘာလ ၂၀ရက်တွင် ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်အာဏာရှင်တပ်သည့် ယခုလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အင်အား အမြောက်အမြား ဖြည့်တင်း ထားသည်။ ထိုင်းနိုင်ငံနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းသို့ ဖောက်လုပ်ထားသည့် အဝေးပြေး လမ်းမကြီး ကိုလည်း ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“လမ်းပြင်နေတဲ့ လမ်းတစ်လျှောက်မှာ အင်အားတွေ တိုးချထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းသို့ ဖောက်လုပ်ထားသည့် လမ်းမကြီးကို ပြင်ဆင်နေချိန်တွင် ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် စစ်အင်အားတိုးချဲ့ချထားပြီး ယခုပြင်ဆင်နေသည့် လမ်းပိုင်းလမ်းတစ်လျှောက်တွင်လည်း စစ်အာဏာရှင်တပ်သား အင်အား ၅၀၀ ခန့် ချထားကြောင်း စုံစမ်းသိရှိရသည်။
ယင်းအပြင် ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဘက်မှ အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကြောင်းတစ်ကြေင်းမှာလည်း အောက်တိုဘာလ ဒုတိယပတ်အတွင်းကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်၏ အနောက်ဘက်ပင်လယ်ပြင်မှ နေ၍ စစ်သင်္ဘောဖြင့် တစ်ရွာဝင်တစ်ရွာထွက် သွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၀ ရက်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွသို့ ရောက်ရှိလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။