စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းက ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၄ ဦးရှိကြောင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူးက ပြောသည်။
တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တို့ ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရသည်။
သို့သော် သက်ဆိုင်ရာ ပါတီတစ်ခုချင်းစီက ကိုယ်စားလှယ်လောင်းမည်မျှဖြင့် ဝင်ရောက်အရွေးခံမည်ကိုမူ တိတိကျကျ မသိရသေးပေ။
တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ တာဝန်ရှိသူကို မေးမြန်းရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်မပြောဘဲ ရွေးကောက်ပွဲအတွက် Call Centre ဖုန်းနံပါတ်ကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။
တိုင်းအတွင်းရှိ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ တစည အစရှိသည့် ပါတီအချို့ထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိကြပေ။
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို အောက်တိုဘာလ ၁၉ ရက်မှ စပြီး ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ထားဝယ်မြို့တွင်မူ ယနေ့ အောက်တိုဘာလ ၂၁ ရက်အထိ ကိုယ်စားလှယ်လောင်းစာရင်းများကို ရပ်ကွက်ရုံးများတွင် ကြေညာထားသည်ကို မတွေ့ရသေးကြောင်း မြို့ခံအချို့က ပြောသည်။
“ကျွန်တော်တို့ ရပ်ကွက်ရုံးမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းလည်း မကပ်ဘူး။ မဲစာရင်းတောင်မှ ရုံးထဲ (ရုံးအဆောက်အအုံထဲ) ကပ်ထားတာ။ အပြင်မှာ ကပ်ရင် ဆုတ်ဖြဲခံရမှာစိုးလို့ ထင်တယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန် စီစဉ်ထားပြီး ရွေးကောက်ပွဲအပိုင်း (၁) တွင် တနင်္သာရီတိုင်း၌ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာထားသည်။
တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတို့ကမူ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ထားကြသည်။