တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မှာ မဟုတ်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၂၀ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းအကြား ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုလနှောင်းပိုင်းတွင် အပြီးသတ်ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည့်အရေး စိုးရိမ်မှုများနှင့် ပတ်သက်၍ ထရမ့်က “တရုတ်နဲ့ ကျွန်တော်တို့အကြား ဆက်ဆံရေး အဆင်ပြေနေမယ်လို့ ထင်ပါတယ်။ တရုတ်က အဲဒါကို လုပ်ချင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။
တနင်္လာနေ့က အိမ်ဖြူတော်တွင် ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားရာ၌ ထရမ့်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်မှာ တရုတ်အဖို့ အင်မတန် အရေးပါကောင်း ပါနိုင်သော်လည်း လက်တွေ့ပဋိပက္ခတစ်ခု ဖြစ်လာမည်ဟု သူ့အနေဖြင့် မယူဆကြောင်း ထရမ့်က ပြောသည်။
အမေရိကန်က ကမ္ဘာပေါ်မှာ ဘယ်သူမှ လိုက်မမီနိုင်အောင် စစ်ရေးအင်အားအကြီးဆုံး ဖြစ်နေဆဲဆိုသည်ကို တရုတ်က နားလည်သဘောပေါက်ထားသည်ဟုလည်း ထရမ့်က ပြောသည်။
“ကျွန်တော်တို့မှာ အကောင်းဆုံးတွေ အကုန်ရှိတယ်၊ ဘယ်သူကမှ ဒါကို လာရှုပ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။
သို့သော် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ ကာကွယ်ပေးမည်ဟု ၎င်းက တိတိကျကျ အာမခံပြောဆိုခြင်း မရှိပေ။
လာမည့်နှစ် အစောပိုင်းတွင် ၎င်းအား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခံထားရကြောင်း ထရမ့်က ပြောသည်။
ယခုအောက်တိုဘာလကုန်တွင် တောင်ကိုရီးယား၌ တရုတ်သမ္မတရှီကျင့်ဖျင့်နှင့် ၎င်းတို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ကို အပြီးသတ်ချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ထရမ့်က ထပ်လောင်းပြောဆိုခဲ့သည်။
တောင်ကိုရီးယားတွင် ပြုလုပ်မည့် အဆိုပါ တွေ့ဆုံမှုမှာ သမ္မတထရမ့်၏ ဒုတိယသက်တမ်း စတင်ချိန်မှစ၍ ၎င်းနှင့် ရှီကျင့်ဖျင်တို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။
ယင်းမှာ အမေရိကန်၏ သွင်းကုန်အခွန်များနှင့်ပို့ကုန်ထိန်းချုပ်မှုများကြောင့် ပြန်လည်ပေါ်ပေါက်လာသည့် နှစ်နိုင်ငံပွတ်တိုက်မှုများအကြား ထွက်ပေါ်လာမည့် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှု ဖြစ်သည်။
Source: AFP