ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာပြည် အပစ်ရပ်ရေး ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

October 21, 2025

ပုံစာ - ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အား တနင်္ဂနွေနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Vatican Media

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲကြရန် အောက်တိုဘာလ ၁၉ ရက်က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

ဗာတီကန်စီးတီး ၊ စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့ (World Mission Sunday) ဆုတောင်းပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခဲ့ရာ၌ မြန်မာနိုင်ငံအတွက် ယင်းသို့ တောင်းဆိုမေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများမှာ “စိတ်မချမ်းမြေ့စရာ” အဖြစ် ပုပ်ရဟန်းမင်းကြီးက သုံးနှုန်းပြောဆိုခဲ့သည်။

အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကြမ်းဖက်မှုနှင့် ဒုက္ခဆင်းရဲများကြောင့် ခံစားနေရသူအားလုံးနှင့် နီးနီးကပ်ကပ် အတူရှိနေပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။

“ချက်ချင်းအကျိုးသက်ရောက်နိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို စိတ်ရင်းစေတနာအပြည့်နဲ့ ကျွန်ုပ် ထပ်မံတောင်းဆိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

“စစ်ပွဲကိရိယာတွေအစား ပြည့်စုံမျှတပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေကတစ်ဆင့် ငြိမ်းချမ်းရေးကိရိယာတွေ နေရာယူနိုင်ပါစေကြောင်း ဆုတောင်းပါတယ်” ဟု ၎င်းက ပြောသည်။

“တရားမျှတမှုရှိပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်ရာမှာ ခေါင်းဆောင်အားလုံးကို ဘုရားသခင်က ဉာဏ်ပညာနဲ့ မလျှော့သောဇွဲသတ္တိ ပေးသနားတော်မူပါစေ” ဟု ၎င်းက ဆုတောင်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် သန့်ရှင်းသောမြေ (Holy Land)၊ ယူကရိန်းနှင့် အခြားသော စစ်မက်ဒဏ်ခံစားနေရသည့် ဒေသများအတွက်လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း Vatican News တွင် ဖော်ပြသည်။

Source: Vatican News