အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာတွင် အောက်တိုဘာလ ၂၀ ရက်က ကျောင်းသား ရာနှင့်ချီပြီး သမ္မတပရာဘိုဝိုဆူဘီယန်တို အစိုးရကို ဆန့်ကျင်ဆန္ဒပြကြသည်။
သမ္မတပရာဘိုဝိုဆူဘီယန်တို သက်တမ်းတစ်နှစ်ပြည့်သည့်နေ့တွင် ယင်းသို့ ဆန္ဒပြကြခြင်း ဖြစ်သည်။
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အင်ဒိုနီးရှားကျောင်းသားဆန္ဒပြပွဲ ဖြစ်သည်။
အဝါရောင်နှင့် အပြာရောင် ဂျာကင်များ ဝတ်ဆင်ထားသည့် ကျောင်းသား ၃၀၀ ခန့်က သမ္မတပရာဘိုဝို၏ အစိုးရအဖွဲ့ တနင်္လာနေ့က အစည်းအဝေးပြုလုပ်နေချိန်တွင် သမ္မတအိမ်တော်အနီး စုဝေးဆန္ဒပြခဲ့ကြသည်။
ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ကျောင်းသားဦးဆောင်သည့် ဆန္ဒပြပွဲများတုန်းကထက် ယခုတစ်ကြိမ်တွင် ဆန္ဒပြသူအရေအတွက် များစွာ ပိုလျော့နည်းသည်။
ဩဂုတ်လက နိုင်ငံအနှံ့ ဆန္ဒပြပွဲများတွင် အစိုးရ၏ မူဝါဒများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်ထူးခံဖြစ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
နိုင်ငံအတွင်းရှိ သန်းပေါင်းများစွာသော ကျောင်းသားများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ရည်ရွယ်သည့် စာသင်ကျောင်းနှင့် ထမင်းအခမဲ့ကျွေးသည့် ပရာဘိုဝိုအစိုးရ၏ အထင်ကရ စီမံချက်ကို ရပ်ဆိုင်းပေးရန် ကျောင်းသားများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ အခမဲ့ထမင်းကျွေးရေးအစီအစဉ်ကြောင့် ကျောင်းသားထောင်ပေါင်းများစွာ အစာအဆိပ်သင့်မှု ခံစားခဲ့ရသောကြောင့် ယင်းသို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
“အခမဲ့ထမင်းကျွေးတဲ့အစီအစဉ်ဟာ အဆိပ်ခတ်တာနဲ့ အတူတူပဲ” ဟူသည့် စာတန်းပါ ပိုစတာကို တနင်္လာနေ့ ဆန္ဒပြပွဲအတွင်း တွေ့ရသည်။
သမ္မတပရာဘိုဝို တာဝန်ယူသည့် ပထမတစ်နှစ်တာသည် ၎င်း ချမှတ်ခဲ့သည့် မူဝါဒများတွင် ပြည်သူလူထု၏ ပါဝင်မှု နည်းပါးခဲ့သည်မှာ ထင်ရှားကြောင်း အင်ဒိုနီးရှား အမျိုးသား သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာနမှာ နိုင်ငံရေးသုတေသီ Wasisto Raharjo Jati က ဆိုသည်။
Source: Reuters







