BREAKING
October 19, 2025

မြိတ်ရှိကျေးရွာများတွင် စစ်မှုထမ်းအကြောင်းပြကာ အဓမ္မငွေတောင်းမှုများလာ

August 21, 2025

ပုံစာ - မဇောကျေးရွာအုပ်စု တစ်နေရာအားတွေ့ရစဉ်။(ပုံဟောင်း)

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ပျူစောထီးများနှင့် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ ဒေသခံများထံမှ အဓမ္မငွေတောင်းမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။

အမည်စာရင်းနှင့်တကွ ရောက်လာကာ စစ်မှုမထမ်းလိုပါက ငွေပေးရန် အဓမ္မတောင်းခံသွားကြောင်း ဒေသခံများနှင့် လွတ်မြောက်လာသူအချို့ထံမှ သိရသည်။

ဩဂုတ် ၁၁ရက်နေ့က တပ်တောင်ရွာတွင် အသက် ၁၉ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးထံမှ အုပ်ချုပ်‌ရေးမှုးက ကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ စစ်မှုထမ်းမဲပေါက်နေပြီး မသွားလိုပါက ငွေပေးရမည်ဆိုကာ တောင်းသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုလူငယ်အမျိုးသားက အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကြေးကို ပေးလိုက်ပြီးနောက် နောက်ထပ်ရွာသားသုံးဦးထံမှ ငွေထပ်တောင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ယင်းလူငယ်အမျိုးသား ၃ ဦးက အခြားဒေသသို့ ထွက်ပြေးရာ လွတ်မြောက်သွား၍ ငွေမပေးလိုက်ရသော်လည်း စစ်မှုထမ်းအတွက် လိုအပ်ပါက လာရောက်ခေါ်ယူမည်ဟု မိသားစုဝင်များကို အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ကြောင်း ကာယကံရှင်လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးမှူးက ကောက်ပြီး သူတို့(စကစ)တွေလည်း ပေးရတယ်လို့ ကြားရတယ်”ဟု အထက်ပါလွတ်မြောက်လာသူက ပြောသည်။

တုံးဗျောကျေးရွာအုပ်စုတွင် ကျေးရွာ ၁၁ ရွာရှိပြီး အိမ်ထောင်စု ၁၂၀၀၀ ကျော်ရှိသည်။

ဩဂုတ်လအစောပိုင်းကလည်း တုံးဗျောကျေးရွာတွင်စစ်မှုထမ်းအတွက်ဆိုကာ ပျူစောထီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက အဓမ္မငွေကောက်ခံနေသည့်အတွက် အသက်၁၅နှစ်နှင့် ၃၀ ဝန်းကျင်ကြားလူငယ်များ ရွာတွင်မနေရဲတော့ဘဲ အခြားရွာများသို့ ပြောင်းရွှေ့ထွက်ပြေးနေကြကြောင်း ဒေသခံအချို့က ဆိုသည်။

မဇောကျေးရွာအုပ်စုတွင် ဩဂုတ်လ ၁၅ရက်နေ့က ဒေသခံလူငယ်များ၏ အမည်စာရင်းနှင့်တကွ တစ်ရွာလျှင် တစ်ဦးနှုန်း စစ်မှုထမ်းမဲဖောက်မည်ဟု ပျူစောထီးများနှင့်ကျေးရွာအုပ်ချူပ်ရေးမှူးများက ပြောဆိုသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာအုပ်စုတွင် ကျေးရွာ ၁၇ ရွာရှိပြီး အိမ်ထောင်စု ၁၇၀၀ နီးပါးရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။

မဇောကျေးရွာအုပ်စု ခုံမော်ရွာတွင်လည်း အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်လေးဦး စစ်မှုထမ်းစာရင်း ပါနေသည်ဟုဆိုကာ အဆိုပါကျေးရွာအုပ်စုရှိ တောတန်းရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းက လာရောက်ပြောဆိုပြီး လူငယ်တစ်ဦးထံမှ ငွေကျပ် ၁၄ သိန်းကို ဩဂုတ်လ ၁၁ ရက်နေ့က တောင်းယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာထဲမှာက ပျူစောထီးလည်းပေါ(များ)တယ်။သူတို့ဘာသာ မဲဖောက်ပြီး ပေါက်တဲ့မဲကို အိမ်ကိုလာပြောမယ်လို့ ပြောတယ်။ငွေတောင်းခံရ သူအချို့လည်းရှိတယ်။ ပြောမရဲကြဘူး။ လူငယ်တွေက ရွာကနေ ထွက်တဲ့သူ ထွက်ကုန်ပြီ”ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်ခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက စစ်မှုထမ်းအတွက် ငွေကြေးတောင်းခံမှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် လူငယ်များမှာ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။