မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက် အဆိုပါလမ်းပိုင်းကို ဖြတ်သန်း၍ မရတော့ကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ယနေ့(ဩဂုတ် ၂၁) နံနက်မှစပြီး စစ်အာဏာရှင်တပ်သား ၂၀၀ ဝန်းကျင်ဖြင့် ပလမြို့မှ မြိတ်ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။
ထိုကြောင့် ပလမြို့အထွက်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေကြောင်း ၎င်းကပြောသည်။
“တစ်နေကုန်တိုက်ပွဲဖြစ်နေတာ။တိုက်ပွဲကကြမ်းနေတာ။ လက်နက်ကြီးတွေနဲ့နေရာပေါင်းစုံကနေ မနက်အစောကြီးကတည်းက ပစ်နေတယ်။ ရေတပ်ကနေလည်း အတွဲလိုက်တွေ၊ လက်နက်ကြီးတွေနဲ့ ပလချောင်းဝကနေ ပစ်နေတာပါ” ဟု ၎င်းက ဆိုသည်။
ထိုအပြင်စစ်အာဏာရှင်တပ် အထိုင်ချထားသည့် စက်တော်ရာ(ဘုရားတောင်)ဘက်တွင်လည်း အင်အားရာချီရှိနေပြီး ပလမြို့နှင့် စက်တော်ရာကြားရှိ ကျေးရွာများကို နှစ်ဖက်ညှပ်၍ လက်နက်ကြီးဖြင့် ပစ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောသည်။
လတ်တလောတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် နှစ်ဖက်ထိခိုက်မှုနှင့် အရပ်သားထိခိုက်မှု အခြေအနေကို မသိရသေးပေ။
တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ပုလော-မြိတ် ပြည်ထောင်စုကားလမ်းမကြီးကို သွားလာ၍ မရကြောင်း ဒေသခံနှင့် ကားသမားအချို့က ပြောသည်။
“ဖြစ်နိုင်ရင် လတ်တလောအခြေအနေလေးမှာ အန္တရာယ်အရမ်းများတာမို့ သေရေးရှင်ရေးအခြေအနေကလွဲပြီး အဲလမ်းပိုင်းကို အသုံးပြုမသွားလာတာတော့ အကောင်းဆုံးပဲ” ဟု ပလမြို့ခံတစ်ဦးက ပြောသည်။
ပလမြို့နှင့် အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှု များသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်ကစပြီး မြိတ်- ပုလောပြည်ထောင်စုကားလမ်းကို ဖြတ်သန်းသွားလာခြင်း မလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ခဲ့သည်။
ထိုနောက် ဩဂုတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲငြိမ်သက်သွားသည့်အတွက် ဩဂုတ်လ ၁၂ ရက်နေ့မှစကာ ပြန်လည်ဖြတ်သန်းခွင့်ပြုကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းက ထပ်မံထုတ်ပြန်ခဲ့သော်လည်း စစ်အာဏာရှင်တပ်က ယင်းနေ့တွင်ပင် ပလမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။