ထားဝယ်မြစ်အတွင်း ယနေ့ ဩဂုတ်လ ၂၁ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း မြို့ခံများက ပြောသည်။
သေဆုံးသူသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ကိုရဲရင့်အောင် (ခေါ်) တူးတူးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၁နာရီခန့်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“ငါးဖမ်းသမားတွေက စတွေ့တာ သူတို့ လှေနဲ့ ဆွဲလာပြီး လာပို့ပေးတာ” ဟု ၎င်းက ပြောဆိုသည်။
ကိုရဲရင့်အောင်သည် ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင်တပ် လက်အောက်ရှိ ဌာနေပြည်သူ့စစ်အဖွဲ့တွင် နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
“သူရဲ့ မူရင်း အလုပ်ကတော့ ငါးဖမ်းလုပ်ငန်းလုပ်တယ်။ အခုနောက်ပိုင်း ပြည်သူ့စစ် (ပသစ) အဖွဲ့မှာလည်း နေ့စား ဝင်လုပ်တယ်။ သူတာဝန်ပြီးတဲ့အခါ ငါးဖမ်းဆင်းတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကိုရဲရင့်အောင်တွင် သမီးငါးဦးနှင့် ဇနီးသည်တို့ ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကိုရဲရင့်အောင် (ခေါ်) တူးတူးကို ဩဂုတ်လ ၁၈ ရက် ညနေတွင် အထူးပြောက်ကျားတပ်ဖွဲ့-SGF က ရှင်းလင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းသည် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းဥပဒေအတွက် စကစနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထောက်ပို့ ပြည်သူများကို ဖမ်းဆီးရန် သတင်းပေးခြင်းနှင့် စစ်ကြောင်းများတွင် လက်နက်ကိုင်ဆောင်ပါ၀င်ကာ လမ်းပြပေးခြင်း တို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။