BREAKING
October 19, 2025

ကလိန်အောင် - မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် တိုက်ပွဲဖြစ်

August 21, 2025

ပုံစာ - ကလိန်အောင် - မလွှဲတောင်လမ်းပိုင်း၌ ယခုဩဂုတ်လအတွင်း တိုက်ပွဲတစ်ခုတွင် တွေ့ရသည့် မွန်၊ကရင်၊ထားဝယ် မဟာမိတ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - KBDF

ရေဖြူမြို့နယ် ကလိန်အောင်မြို့ နှင့် မလွှဲတောင်အကြားရှိ မရမ်းချောင်းရွာတွင် သြဂုတ်လ ၂၀ ရက် ညနေက စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။

ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ထွက်ပေါ်ခဲ့ပြီး ညနေ ၅ နာရီခွဲ ဝန်းကျင်အထိ ပစ်ခတ်သံများ ကြားရကြောင်း တိမ်းရှောင်နေရသည့် ဒေသခံရွာသားများက ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် နှစ်ဖက်စလုံးက ထိခိုက်မှုရှိကြောင်း မွန်၊ ကရင်၊ ထားဝယ် ပူးပေါင်းမဟာမိတ်တော်လှန်ရေး အင်အားစုတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲထဲမှာ မဟာမိတ်ဘက်ကတော့ တစ်ယောက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးတာတွေ ရှိတာကို မျက်မြင်တွေ့ရတယ်။ အရေအတွက်က စာရင်းအတည်ပြုနေတုန်းပါ” ၎င်းက ပြောဆိုသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း လမ်းပိုင်းကို ခေတ္တကန့်သတ်ခဲ့ပြီး ယနေ့ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင်မူ ပြန်လည်သွားလာခွင့် ပြုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အာဏာရှင်တပ်က မရမ်းချောင်းရွာတွင် ဆက်ရှိနေပြီး စစ်ဆိုင်နေသည့် အနေအထားတွင်ရှိကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လကစ၍ နှစ်ဖက်စစ်ရေးလှုပ်ရှားမှု များရှိခဲ့ပြီး ယခုသြဂုတ်လတွင် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာကာ စစ်ရေးအရှိန်မြင့်နေကြောင်း ၎င်းတို့က ပြောသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းတွင်ရှိသော ကျေးရွာသုံးရွာထက်မနည်းက ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အမိုးအကာနှင့် ရိက္ခာ အခက်အခဲကြုံတွေ့နေရကြောင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ရွာသားများထံမှ သိရသည်။