BREAKING
November 19, 2025

“ဂျပန်လူမျိုး ပထမ”ကြွေးကြော်သံနှင့်ပါတီ ရွေးကောက်ပွဲအနိုင်ရမှု မြင့်တက်လာ

July 21, 2025

ပုံစာ - Sanseito ပါတီခေါင်းဆောင် Sohei Kamiya အား မီဒီယာများသို့ စကားပြောနေသည်ကို တနင်္ဂနွေနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters/ Manami Yamada

ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲအနိုင်ရမှုအများဆုံး ပါတီများထဲမှ တစ်ခုအဖြစ် “ဂျပန်လူမျိုး ပထမ” ကြွေးကြော်သံနှင့် လက်ယာစွန်းပါတီငယ်တစ်ခုဖြစ်သည့် Sanseito ပါတီက ထွက်ပေါ်လာခဲ့သည်။

Sanseito ပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်အတွက် နေရာ ၁၄ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံအင်အားစုများအနက် တတိယမြောက်မဲအများဆုံးအနိုင်ရသည့် ပါတီဖြစ်လာခဲ့သည်။ အထက်လွှတ်တော်အတွင်း စတုတ္ထမြောက်အင်အားအကြီးဆုံး ပါတီလည်း ဖြစ်လာခဲ့သည်။

Sanseito ပါတီသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ‘တိတ်တဆိတ်ကျူးကျော်မှု’ဟု ခေါင်းစဉ်တပ် ဆန့်ကျင်သတိပေးမဲဆွယ်မှုများ၊ အခွန်လျှော့ချရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်ရရှိရေး ကတိကဝတ်များဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ရလာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပါတီသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကိစ္စများ၊ ကမ္ဘာပေါ်ရှိ အထက်တန်းလွှာ လူတစ်စုအကြောင်း ဇာတ်လမ်းဆင် ပြောဆိုမှုများ YouTube မှ ဖြန့်ဝေပြီးနောက် နိုင်ငံရေးပင်မရေစီးကြောင်းထဲ ဝင်ရောက်လာနိုင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြသည်။

“ဂျပန်လူမျိုး ပထမ’ဆိုတဲ့ စကားလုံးဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို ထောက်ခံတဲ့ အယူအဆကို ဆန့်ကျင်ပြီး ဂျပန်လူမျိုးတွေရဲ့ ဘဝတွေကို ပြန်လည်ပုံဖော်နိုင်ဖို့ ဖော်ပြတဲ့အခါမှာ သုံးဖို့ ရည်ရွယ်တဲ့ စကားလုံးပါ။ နိုင်ငံခြားသားတွေကို ပိတ်ပင်ရမယ် ၊ ဂျပန်နိုင်ငံကနေ နိုင်ငံခြားသားတိုင်း ထွက်သွားရမယ်လို့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါ” ဟု Sanseito ပါတီ၏ အသက် ၄၇ နှစ်အရွယ် ပါတီခေါင်းဆောင် Sohei Kamiya က တနင်္ဂနွေနေ့ ရွေးကောက်ပွဲအပြီးတွင် ပြောဆိုခဲ့သည်။

ပါတီခေါင်းဆောင် Kamiya က ၎င်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ “ရဲတင်းသည့် နိုင်ငံရေးသမားစတိုင်”ကို အားကျသူဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“Sanseito ပါတီက လူတိုင်းရဲ့ နှုတ်ဖျားပေါ် ရောက်နေပြီ။ အထူးသဖြင့် အမေရိကန်နိုင်ငံမှာပါ။ Sanseito ပါတီရဲ့ လူပြိန်းကြိုက်ရပ်တည်ချက်နဲ့ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ ခံယူချက်တွေကြောင့်ပါ။ ဒါပေမဲ့လည်း ဒါက LDP ပါတီနဲ့ ခေါင်းဆောင်ဖြစ်သူ အီရှိဘာရဲ့ အားနည်းချက်ကို ပိုဖော်ပြလိုက်သလိုလည်း ဖြစ်နေပါတယ်” ဟု အမေရိကန်ရှိ ဂျပန်အဖွဲ့အစည်း ((Japan Society in America) ၏ အကြီးအကဲဖြစ်သူ Joshua Walker က ဆိုသည်။

“ကျွန်တော်တို့ဟာ နိုင်ငံခြားမုန်းတီးရေးသမားတွေ ၊ ခွဲခြားဆက်ဆံသူတွေအဖြစ် ဝေဖန်ခံခဲ့ရတယ်။ မီဒီယာတွေက မှားနေတယ် ၊ Sanseito ပါတီက မှန်တယ်ဆိုတာကို ပြည်သူတွေ သဘောပေါက်လာခဲ့ပါပြီ”ဟု ပါတီခေါင်းဆောင် Kamiya က ပြောသည်။

Kamiya ၏ ရွေးကောက်ပွဲသတင်းစကားသည် ဂျပန်စီးပွားရေးကျဆင်းမှုနှင့် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုအပေါ် စိတ်ပျက်နေသည့် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြသည်။

ဂျပန်စီးပွားရေးကျဆင်းမှုနှင့် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားအရေအတွက် စံချိန်တင်မြင့်တက်ခဲ့သည်။

ယင်းကြောင့် ဂျပန်နိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်လာပြီး ပြည်သူတော်တော်များများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခါးစည်းခံနေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီက နေရာအများစုတွင် ရှုံးနိမ့်ခဲ့သည်။

ယင်းကြောင့် အဆိုပါ အာဏာရညွန့်ပေါင်းအဖွဲ့အနေဖြင့် ဥပဒေပြဌာန်းနိုင်ရေးအတွက် အနည်းဆုံး အတိုက်အခံပါတီတစ်ခု၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည့် အခြေအနေရောက်လာသည်။

Sanseito ပါတီခေါင်းဆောင် Sohie Kamiya က ၎င်း၏ ပါတီအနေဖြင့် မူဝါဒကိစ္စရပ်အချို့တွင် အာဏာရညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေ ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် လာမည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီက အနိုင်ရသည့် နေရာ ပိုမတိုးလာလျှင် အာဏာရညွန့်ပေါင်းအဖွဲ့နှင့် လက်တွဲသွားမည်မဟုတ်ကြောင်း Sanseito ပါတီခေါင်းဆောင်က ပြောသည်။ လက်ရှိတွင် Sanseito ပါတီက အောက်လွှတ်တော်အတွင်း နေရာ ၃ နေရာ ရရှိထားသည်။

Source: The Japan Times ၊ Reuters