ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်း တနင်္သာရီမြို့နယ်ရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာချိန် စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်သဖြင့် တစ်ဦးသာလွတ်မြောက်ပြီး KNLA တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့က သိန်ခွန်းရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးက လက်နက်မပါဘဲ ထွက်ပြေးလာချိန် အခြားစစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကားပြီး KNLA တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
စစ်မှုထမ်းစုဆောင်းခံရသည့် အထက်ပါ စစ်ကောင်စီတပ်သားနှစ်ဦးအတူ ထွက်ပြေးလာချိန် လူချင်းကွဲသွားသဖြင့် တစ်ဦးသာ KNLA တပ်ရင်း ၁၁ ထံ ရောက်ရှိလာကြောင်း ၎င်းက ပြောသည်။
“တစ်ယောက်က သေနတ်နဲ့လိုက်အပစ်ခံရပြီး လမ်းကွဲသွားတယ်။သေလား ရှင်လားတော့ မသိရသေးဘူး။ ရောက်လာတဲ့သူလည်း အသက်လုပြီးပြေးလာရတယ်”ဟု အထက်ပါရဲဘော် ကပြောသည်။
ဘက်ပြောင်းခိုလှုံလာသည့် အသက် ၃၄ နှစ်အရွယ် စစ်ကောင်စီတပ်သားက အမှတ် ၁၀၃ ခြေလျင်တပ်ရင်းကဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးတွင် အပတ်စဉ် ၈ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့သူဖြစ်ကြောင်း KNLA တပ်ရင်း ၁၁ က အခြားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသည့် တပ်သားက ပဲခူးတိုင်းဇာတိဖြစ်သည်။
အဆိုပါတပ်သား၏ ပြောဆိုချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ၂ နှစ် တာဝန်ထမ်းဆောင်ပြီးပါက နေအိမ်သို့ပြန်ပို့ပေးမည်ဟုဆိုကာ ကျပ်သိန်း ၂၀ ပေးပြီး မကြာခဏ လာစည်းရုံးသဖြင့် စစ်ကောင်စီတပ်သို့ဝင်ခဲ့ကြောင်း ပြောဆိုသည်။
“မဲနှိုက်ရတာတော့ မရှိဘူး။ အိမ်မှာ တရစပ်လာပြောပြီး စည်းရုံးတယ်။ စစ်မှုထမ်း ၆လမှာ ထွက်ပြေးလာတယ်။ တပ်ထဲမှာက ၂ နှစ်ပြည့်တဲ့သူတွေတော့ မရှိသေးဘူး” ဟု ၎င်းက Dawei Watch ကို ပြောသည်။
တနင်္သာရီမြို့နယ် သိန်ခွန်းရွာ ရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားများ ဘက်ပြောင်းခိုလှုံမှု ဆက်တိုက်ရှိနေပြီး KNLA တပ်ရင်း ၁၁ ထံ ယခုနှစ်အတွင်း ဘက်ပြောင်းလာသူ ၂၃ ဦးအထိရှိလာကြောင်း တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။