BREAKING
October 30, 2025

ကော့သောင်း ဆီအုန်းခြံက လုပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

July 21, 2025

ပုံစာ - ဖော့သုတ်ရွာအနီးရှိ ဆိပ်ဖူးရွာကို ထိုင်းနိုင်ငံဘက်မှ မြင်ရစဉ်။

ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ ဆီအုန်းခြံအနီးတွင် ဇူလိုင်လ ၁၈ရက် နံနက်က ဆီအုန်းခြံအလုပ်သမားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဖော့သုတ်ကျေးရွာရှိ ယုဇနဆီအုန်းကုမ္ပဏီ စိုက်ခင်းတွင် အလုပ်နေသည့် အသက် ၄၀ နှစ်အရွယ် စိုက်ခင်းတာဝန်ခံ ဦးထွန်းထွန်းအောင်နှင့် အသက် ၆၈ နှစ်အရွယ် စိုက်ခင်းအလုပ်သမား ဦးမှတ်ကြီးတို့ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။

“ညကတည်း (ဇူလိုင် ၁၇ရက်ည) ကတည်းက ပစ်သတ်ထားခဲ့တယ် ထင်တယ်။ ဆီအုန်းခြံက ရွာနဲ့လှမ်းတော့ ဘယ်လို ဘယ်ပုံလည်း ဆိုတာတော့ သေချာမသိကြဘူး။ သေနတ်သံ သုံးလေးချက်တော့ ကြားလိုက်တယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံကမူ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မသိရသေးသလို ၎င်းတို့အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ပြောဆိုသည်။

“အတိအကျတော့ ကျွန်တော်လည်းမသိသေးဘူးခင်ဗျ။ သေချာတာတစ်ခုကတော့ ကော့သောင်းမြို့နယ် (ပကဖ) အဖွဲ့ကတော့ ဒီရက်ပိုင်းမှာ ဘာတစ်ခုမှ လုပ်တာမရှိသေးပါဘူးခင်ဗျား” ဟု ၎င်းက ပြောသည်။

ဖော့သုတ်ကျေးရွာမှာ ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ပါချန်မြစ်သာ ခြားထားသည်။