သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရန်တောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းဖျောက်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်တွင် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတို့တွင် နှစ်ဖွဲ့ခွဲပြီး တပ်စွဲကြောင်း ဒေသခံအချို့က ဆိုသည်။
ယင်းသို့ စစ်ကြောင်းထိုးစဉ် ဇူလိုင်လ ၁၆ ရက် တွင် ရန်တောင်ရွာက ဒေသခံလေးဦး၊ အခြားရွာက ဒေသခံလေးဦးခန့်ကို လေးရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ရန်တောင်ရွာသား အသက် ၄၀ခန့်ရှိ ကိုဝင်းအေးဆိုသူကို ဆိုင်ကယ်ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်သဖြင့် သေဆုံးကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
“အဲဒီနေ့က လက်နက်ငယ်တွေ ပစ်တာ ၁၅ မိနစ်လောက်ရှိတယ်။ လက်နက်ကြီးလည်း ပစ်လိုက်သေးတယ်။ တဖက်တည်း ပစ်တာ၊ နောက်နေ့ (ဇူလိုင် ၂၀) မနက် စစ်တပ်ပြန်ထွက်မှ လိုက်စုံစမ်းတာ အရေးပေါ်ကားနဲ့ ပါသွားသေးလားဆို မပါဘူးဆိုတော့မှ လိုက်ရှာကြတာ ဘုန်းကြီးကျောင်းခြံစည်းရိုးအစပ်မှာ မပေါ်တပေါ်မြှုပ်ထားခဲ့တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဖမ်းဆီးထားသူများကို ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်အထိ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်လိုက်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ကိုဝင်းအေး၏ ရုပ်အလောင်းကို ဒေသခံများက ပြန်လည်တူးဖော်ပြီး ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။