BREAKING
October 19, 2025

စစ်မှုထမ်းစုဆောင်းမည့် သတင်းကြောင့် မြိတ်မြို့ခံလူငယ်များ တိမ်းရှောင်နေရ

July 21, 2025

ပုံစာ - မြိတ်မြို့ ကန်ဖျားလမ်းဆုံ မီးပွိုင့်(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

မြိတ်မြို့တွင် စစ်မှုထမ်းစုဆောင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် မြို့ခံလူငယ်များ တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်တွင် မြိတ်မြို့ ကြံတောရပ်ကွက်တွင် နေထိုင်သည့် လူငယ် ၈ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် မြို့ခံတစ်ဦးကပြောသည်။

ထိုလူငယ်ရှစ်ဦး အဖမ်းခံရပြီးသည်နှင့် စစ်ကောင်စီတပ်က လူငယ် ၅၀၀ ဦးကို စစ်မှုထမ်းဆောင်းရန် ဖမ်းဆီးမည်ဆိုသည့်သတင်း မြို့ခံများအကြား ပျံ့နှံ့ပြောဆိုလာကြပြီး စိုးရိမ်မှုမြင့်တက်နေကြခြင်း ဖြစ်သည်။

ယင်းသို့ စစ်သားစုဆောင်းမည့် သတင်းကို တရားဝင် ထုတ်ပြန်ထားသည်မျိုး မတွေ့ရသည့်အပြင် သတင်းထွက်လာသည့် ရင်းမြစ်ကိုလည်း မသိရှိရသေးပေ။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရလည်း ယင်းသို့လုပ်ဆောင်ခွင့်မရှိပေ။

သို့သော် စစ်ကောင်စီတပ်က ဧည်စာရင်းအကြောင်းပြ စစ်မှုထမ်းစုဆောင်းသည့်ဖြစ်စဉ်၊ စစ်မှုထမ်းဥပဒေဘောင်ကျော်ပြီး စစ်မှုထမ်းစုဆောင်းသည့် ဖြစ်စဉ်များလည်း ရှိနေသဖြင့် ပြည်သူလူထုမှာ စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်။

“စစ်မှုထမ်းဖို့ လူအယောက် ၅၀၀ လိုနေတယ်တဲ့။ယောကျ်ား၊ မိန်းမ အကုန်ခေါ်မယ်ပြောတယ်။ ညနေ ၇ နာရီကစပြီး အပြင်ထွက်လို့မရတော့ဘူး”ဟု မြိတ်ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch ကိုပြောသည်။

ထိုကဲ့သို့ သတင်းကြားရပြီးနောက် စစ်မှုထမ်းအသက်မီသည့် လူငယ်အများစုမှာ အိမ်တွင်မနေရဲကြတော့ဘဲ တိမ်းရှောင်နေကြရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း မြန်မာတစ်နိုင်ငံတဝန်း စစ်မှုထမ်းစုဆောင်းခံရသူအရပ်သား ၂၈၆၇ ဦး ရှိနေပြီဖြစ်ကြောင်း စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Spring Revolution Database – SRD အဖွဲ့က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း စစ်ကောင်စီမှ အရပ်သားများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သူဦးရေ ၁၃၈ ဦးထက်မနည်းရှိခဲ့ပြီး ၁၁၇ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကာ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။