ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီး ဇူလိုင်လ ၁၉ ရက်က ရန်ကုန်မြစ်ဝသို့ ရောက်ရန် ရေမိုင် ခုနစ်မိုင်အလိုတွင် နစ်မြုပ်ကြောင်း ယင်းသင်္ဘောတွင် အလုပ်လုပ်သည့် အလုပ်သမားများထံမှ သိရသည် ။
“ရွှေပြည်ချမ်းသာ” အမည်ရှိ အဆိုပါသင်္ဘောတွင် ထိုင်းနိုင်ငံမှ သယ်လာသည့် အင်ဂျင်ဝိုင်ပေပါ (ပီပါ)များ နှင့် ပလပ်စတစ် ဘူးခွံများ ပြုလုပ်ရာတွင်အသုံးပြုသည့် ကော်သီးများ တင်ဆောင်ပြီး ဇူလိုင်လ ၁၄ ရက်တွင် ကော့သောင်းမြို့မှ စတင် ထွက်ခွာလာကြောင်း ၎င်းတို့က ပြောသည်။
လှိုင်းဒဏ်ကြောင့် သင်္ဘောတစ်ခြမ်းစောင်း၍ ရေဝင်ရာမှ သင်္ဘောတိမ်းမှောက် နစ်မြုပ်ခြင်းဖြစ်ကြောင်း ရွှေပြည်ချမ်းသာ သင်္ဘောမှ အလုပ်သမားတစ်ဦးက ဆိုသည် ။
သင်္ဘောပေါ်ပါလာသည့် အလုပ်သမား ၁၅ဦးကို စစ်ကောင်စီ ရေတပ်သင်္ဘောနှစ်စီးနှင့် ပုဂ္ဂလိက သင်္ဘောနှစ်စီးတို့က ကယ်ထုတ်ခဲ့ပြီး သေဆုံးသူ မရှိကြောင်း ၎င်းက ပြောဆိုသည်။
“ဇူလိုင် ၁၆ ရက်နေ့ မောင်းမကန်အနီးမှာ လှိုင်းမိပြီး ကုန်တွေပြိုကျတယ်။ ကုန်ပြိုကျတော့သင်္ဘော တစ်ခြမ်းစောင်းပြီး ရေဝင်တာဗျ၊ ကျွန်တော်တို့လည်း ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ပြီး ကြိုးစားပြီး မောင်းလာခဲ့တယ်။ လမ်းမှာ တခြားသင်္ဘော တွေကလည်း ရေစုပ်စက်တွေပေးခဲ့တယ်။ ရှိတဲ့ကုန်တွေကိုရေထဲ ပစ်ချပီး လျှော့သေးတယ်ဗျ။ အဆင်မပြေခဲ့ဘူး” ဟု အထက်ပါအလုပ်သမားက ပြောသည်။
နစ်မြုပ်နေသည့် သင်္ဘောနှင့် ကုန်များကိုမူ ယနေ့ ဇူလိုင်လ ၂၁ ရက်အထိ ပြန်ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း အလုပ်သမားများထံမှ သိရသည်။
ရွှေပြည်ချမ်းသာ ကုန်တင်သင်္ဘောသည် ရနောင်း မှ ရန်ကုန်သို့ ကုန်တင်ကာ ၄၅ ရက်ခြား တစ်ကြိမ် ပုံမှန် သွားလာနေသည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။







