BREAKING
October 19, 2025

တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ

July 21, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ စစ်ကောင်စီတပ်ရှေ့တန်းက တပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့က သိန်ခွန်းရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-1သေနတ် နှစ်လက်၊ကျည် ၁၇၀ တောင့်နှင့်အတူ KNLAတပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့နှစ်ဦးက ထိုင်းနိုင်ငံက မိဘတွေရှိရာ နေအိမ်ကိုပြန်ချိန် အပြန်လမ်းမှာဖမ်းဆီးခံရပြီး စစ်မှုထမ်းထဲ ပါလာတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ဘက်ပြောင်းခိုလှုံလာသည့် အသက် ၂၈ နှစ်အရွယ် စစ်ကောင်စီတပ်သားမှာ ထားဝယ်အခြေစိုက် ခလရ ၂၆၇ တပ်ရင်း (ပင်လယ်ပြင် စိုးမိုးရေးတပ်)ကဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၂၉ နှစ်အရွယ်ရှိ ခလရ ၂၈၀ တပ်ရင်းမှ တပ်သားဖြစ်ကြောင်း KNLAတပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်နောက်တစ်ဦးက ဆိုသည်။

၎င်းတို့နှစ်ဦးမှာ ပုလောမြို့နယ်၊ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တိုင်းဗဟို-၁၂)တွင် သင်တန်းတက်ရောက်သူများ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

“အလင်းဝင်လာသူနှစ်ဦးက တနင်္သာရီတိုင်းသားတွေ မဟုတ်ဘူး။စစ်ကိုင်းနဲ့ ပဲခူးတိုင်းသားတွေ ဖြစ်တယ်။ ဆုငွေတစ်ခါတည်း ချီးမြှင့်လိုက်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ ရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံမှု ဆက်တိုက်ရှိနေပြီး ယခုလ ၂၁ ရက်အတွင်း ဘက်ပြောင်းလာသူ ၉ ဦးအထိရှိကြောင်း KNLAတပ်ရင်း ၁၁ ထံမှ သိရသည်။