BREAKING
June 15, 2025

ထားဝယ်မြို့လယ်တွင် ပိုက်ဆံအိတ် အလစ်သုတ်ခံရ

July 21, 2023

ထားဝယ်မြို့လယ်တစ်နေရာဖြစ်သည့် အမှတ် (၁) အထက်တန်းကျောင်းအနီးတွင် ပိုက်ဆံအိတ်အလစ်သုတ်ခံရကြောင်း အလုခံရသည့် ကြီးပွားရေးစာအုပ်တိုက်ပိုင်ရှင်အမျိုးသမီးက ပြောသည်။

ဇူလိုင်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် အလစ်သုတ်ခံရခြင်းဖြစ်သည်။

အမှတ် ၁ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ကြီးပွားရေးစာအုပ်တိုက်အရှေ့တွင် အိမ်စီးကားပေါ်မှ ပစ္စည်းများ တင်ချပြုလုပ်နေချိန်တွင် အလစ်သုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကားမှန်ချထားသဖြင့် အထဲတွင်ရှိသော ပိုက်ဆံအိတ်ကိုလက်ဖြင့် နှိုက်ယူသွားခြင်းဖြစ်ကြောင်း အလစ်သုတ်ခံရသည့် ကာယကံရှင်က ပြောသည်။

အနက်ရောက်ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံသောင်းဂဏန်းသာရှိပြီး ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင်ကဲ့သို့သော အရေးကြီး စာရွက်စာတမ်းများထည့်ထားကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီစာရွက်စာတမ်းတွေက သူတို့အတွက်လည်း ဘာမှအသုံးမဝင်ဘူးဆိုတော့ ပြန်လာပေးပါစေဆိုပြီး ဆုတောင်းနေရတယ်။ ပြန်လာပေးရင်လည်း လာပေးတဲ့သူကို ဘာမှမလုပ်ဘူး။ ဆုတောင်ချဦးမှာ” ဟု ကြီးပွားရေး စာအုပ်တိုက်ပိုင်ရှင်က ဆိုသည်။

အလစ်သုတ်သွားသည်ကို မျက်မြင်တွေ့သူ မရှိလိုက်သဖြင့် မည်သည့်ပုံစံဖြင့် အလစ်သုတ်သွားသည်ကို မသိလိုက်ကြောင်းလည်း ၎င်းကပြောသည်။

အလစ်သုတ်ခံရသည့်နေရာမှာ ခေတ်အဆက်ဆက် တိုင်းအစိုးရအဖွဲ့ရုံးအဝင် စစ်ဆေးရေးဂိတ်ပေါက်ဝနှင့် ကိုက် ၂၀၀ ကျော်သာ ကွာဝေးပြီး ယင်းနေရာတွင် ပုဂ္ဂလိကဘဏ်တစ်ခုလည်းရှိသည်။

ငွေကြေး အသွင်းအထုတ်လုပ်နေသည့် ဘဏ်အနီးအနားတွင် ပိုက်ဆံအိတ် အလစ်သုတ်ခံရသည်မှာ စိုးရိမ်စရာရှိပြီး ပြည်သူများ သတိထားရမည်ဖြစ်ကြောင်း မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

“အဲဒီနေရာက ဘဏ်နဲ့လည်းနီးတယ်ဆိုတော့ မေ့မေ့လျော့လျော့နဲ့ ပေါ့ဆပြီး ပိုက်ဆံအိတ်တွေ ဆိုင်ကယ်တို့ ကားတို့မှာ ပိုက်ဆံအိတ်တွေကျန်ခဲ့တာမျိုးကို ချောင်းနေတဲ့သူက ချောင်းနေနိုင်တယ်။ ပေါ့ဆလို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ဆိုင်ကယ် အခိုးခံရမှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။