BREAKING
October 20, 2025

ကျောက်မီးသွေးစက်ရုံအပါအဝင် ထားဝယ်စီမံကိန်းကို အရှိန်မြှင့်မည်ဟု ရုရှားပြော

June 21, 2025

Photo-Dawei Watch (ပုံဟောင်း)

ရုရှားနှင့် မြန်မာစစ်ကောင်စီကြား ချုပ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်အရ ကျောက်မီးသွေးစက်ရုံ အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဝန်ကြီးက ပြောသည်။

နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာစာချုပ်ကို ဇွန်လ ၂၀ ရက်တွင် ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov နှင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့တွင် လက်မှတ်ရေးထိုးကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

မြန်မာ့ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်အရ မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ပြောဆိုကြောင်း ရုရှားသတင်းအေဂျင်စီ Interfax က ရေးသားထားသည်။

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့ ပြီးခဲ့သည့် မတ်လတွင် သဘောတူထားခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် မတ်လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားစက်ရုံတည်ဆောက်ရေး လက်မှတ်ရေးထိုးခဲ့သလို ထားဝယ်အထူးစီးပွားရေးဇုန် ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေး နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။

ထားဝယ်စီးမံကိန်းကို ရုရှားနှင့်ပူးပေါင်းပြီး ပြန်လည်အကောင်အထည်ဖော်ရန် သဘောတူညီပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်စီမံကိန်းဧရိယာကို စစ်ကြောင်းဆက်တိုက်ထိုးနေသည်။

ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းသို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ ၁၆ ရက်မှစ၍ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာမှစတင်၍ တစ်ရွာဝင် တစ်ရွာထွက်ပုံစံဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း ၆၆၀ မဂ္ဂဝပ်ရှိသည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ Dawei Watch မှ ဒေသခံအချို့ကို စုံစမ်းမေးမြန်းခဲ့ရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကြားသိရခြင်းမရှိသလို ဒေသအတွင်းတည်ဆောက်နေခြင်းမျိုးလည်း မတွေ့ရှိရသေးကြောင်း ပြောဆိုကြသည်။