တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဇွန်လ တတိယအပတ်ထဲ မိုးရွာသွန်းမှုများနေဦးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ)က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင် မုတ်သုံလေအားကောင်းနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။
ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အထိ တတိယ ၁၀ ရက်အပတ်တွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးရွာရက် ၈ ရက်မှ ၁၀ အထိ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)မှာမူ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဖော်ပြထားသည်။
မိုးရွာတုန်း လယ်ယာစိုက်ပျိုးရန် ထွန်ယက်ရမည်ဖြစ်သော်လည်း စစ်ကောင်တပ် စစ်ကြောင်းထိုးနေသည့် ဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ထယ်ကိုပင် မချရသေးသူများရှိကြောင်း သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက လယ်သမားတစ်ဦးက ပြောသည်။
“လယ်ထွန်စက်တွေက ရွာထဲမှာဆိုတော့ ဝင်ယူလို့လည်း မရတော့ အခုထိ လယ်မလုပ်ရသေးတဲ့သူတွေရှိတယ်။ ကျွန်တော်တို့က အဲ့လိုဖြစ်မယ်ကြိုတွက်ထားလို့ အစောကြီးတည်းက စက်ကို လယ်ကွင်းထဲ မောင်းထုတ်ထားလိုက်တယ်။ စစ်တပ်က ရွာထဲဝင်လာသမျှ အရပ်သားတွေကို သေနတ်နဲ့လိုက်ပစ်တယ်။ ဟိုနေ့ကလည်း လယ်ထွန်ပြီး ရွာထဲစားရိက္ခာဝင်ယူတဲ့ လယ်သမားနှစ်ယောက်ကို ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ သေနတ်နဲ့ ပစ်ခတ်သေးတယ်။ မထိတော့မထိဘူး” ဟု အထက်ပါ လယ်သမားက ပြောသည်။
ဇွန်လ ဒုတိယ ၁၀ ရက်အပတ်တွင်လည်း ထားဝယ်ခရိုင်တွင် တစ်ပတ်လုံးမိုးကြီးနေသည်ဟု ဒေသခံအချို့နှင့် ထားဝယ်မြို့ခံအချို့က ပြောသည်။
မိုးကြီးနေသော်လည်း ရေကြီးရေလျံမှုများ ဖြစ်ပေါ်မှုမရှိကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်က အမျိုးသားတစ်ဦးက ပြောသည်။