မြိတ်ခရိုင်တွင် တပ်ကြပ်အဆင့်ရှိသူ စစ်ကောင်စီတပ်သားသုံးဦး ယခုဇွန်လအတွင်း မြိတ်ခရိုင်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများထံ ဘက်ပြောင်း ခိုလှုံလာကြောင်း သက်ဆိုင်ရာ တပ်ရင်းများက သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၁ ရက်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဘုတ်ခြံရွာ အခြေစိုက် အမှတ် ၁၇ စစ်ကောင်စီ ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်ကြပ်ကြီး စာရေး (အကူ) တစ်ဦးတို့ လက်နက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။
၎င်းတို့နှစ်ဦးတွင် MA 1 သေနတ်တစ်လက်၊ MA 2 စက်ကလေးသေနတ်တစ်လက်၊ ဗုံးနှစ်လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၁၅ ခု၊ ကျည်ဆန် အတောင့် ရှစ်ရာနီးပါး ယူဆောင်လာခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
” ဒုတပ်ကြပ်က ၂၀၁၇ ခုနှစ် ကတည်းက စစ်တပ်မှာ တာဝန်ထမ်းနေတာ။ နောက်တစ်ဦးက စစ်မှုထမ်း အပတ်စဉ် ၂ မှာ မဲပေါက်ပြီး တာဝန်ထမ်းရတာ။ အသက်တွေက ၂၀ နှစ် နဲ့ ၂၈ နှစ်ပါ။ သူတို့အစီစဥ်နဲ့သူတို့ ထွက်ပြေးခိုလှုံလာကြတာပါ ” ဟု မြိတ်ခရိုင်၊တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို တပ်ရင်းတွင်စောင့်ရှောက်ကာ စိစစ်မှုများပြုလုပ်နေပြီး လက်နက်များ ယူဆောင်လာနိုင်ခဲ့သဖြင့် ဆုငွေချီးမြှင့်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သို့ တင်ပြထားကြောင်း ၎င်းကပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၃ တွင်လည်း တပ်ကြပ်ကြီး အဆင့်ရှိသူ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်မပါဘဲ ထွက်ပြေးလာကာ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ရင်းက ဇွန်လ ၂ဝ ရက်က သတင်းထုတ်ပြန်သည်။
ဘက်ပြောင်းခိုလှုံလာသူ တပ်ကြပ်ကြီးသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ စစ်ကောင်စီ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းသက်တမ်း ၅ နှစ်ရှိသူဖြစ်ပြီး ဇွန်လ ၈ ရက်တွင် ထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင်၊ တပ်ရင်း ၃ ထံမှသိရသည်။
၎င်းတပ်ကြပ်ကြီး သည် မည်သို့ဆက်လက်ဆောင်ရွက်ရန်ဆန္ဒရှိသည်နှင့် နောက်ဆက်တွဲ အခြေအနေအား မြိတ်ခရိုင်၊ တပ်ရင်း ၃ ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ်မေးမြန်းရာ ” သူပြောတာတော့ လက်နက်ကိုင်ပြီးစကစကို ပြန်တိုက်ချင်တယ်ပြောတယ်။ လောလောဆယ်တော့လုံခြုံတဲ့နေရာမှာအဆင်ပြေအောင်ထားပေးထားတယ်” ဟု ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီ တပ်တွင်းရှိ အရာရှိများ၏ တစ်ကိုယ်ကောင်းဆန်ပြီး လက်အောက်ငယ်သားများအပေါ်ခွဲခြား ဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ ထွက်ပြေးအလင်းဝင်လာခြင်းဖြစ်ကြောင်း ၎င်းတပ်ကြပ်ကြီး က ထွက်ဆိုထားသည်ဟု မြိတ်ခရိုင်၊ တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။