BREAKING
October 19, 2025

တော်လှန်ရေးနယ်မြေက ပညာရေးခရီးကြမ်း

June 21, 2025

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီး ပညာရေးကဏ္ဍနိမ့်ကျသွားမှုနှင့်အတူ ကလေးငယ်များ၊ လူငယ်လူရွယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများရှိနေသည်။

တိုက်ပွဲများ၊ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒေသအများစုတွင် စာသင်ကျောင်းများ ပိတ်ထားရသလို တော်လှန်ရေးနယ်မြေများတွင် ရသည့်နည်းဖြင့် ဖွင့်လှစ်နေကြသည့် စာသင်ကျောင်းများမှာလည်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေကြရသည်။

တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီ၏ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း အမျိုသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျောင်းများအပါအဝင် စာသင်ဝိုင်းများဖွင့်ကာ ကလေးများ ပညာရေးအတွက် ဖြည့်ဆည်းပေးနေကြသည်။

တနင်္သာရီတိုင်းအတွင်းတွင်လည်း မြို့နယ်အများစုတွင် မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းလာကြသည်။

သို့ရာတွင် ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင် ရှေ့ဆက်သွားနေကြသည်။

သို့သော် ကျောင်းဖွင့်လှစ်ရာတွင် ဘဏ္ဏာငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်သည်ဖြစ်ရာ ရေရှည်တွင် ခက်ခဲကျပ်တည်းမှုပိုမိုကြီးမားလာနေသည်။

စာသင်ကြားရာတွင် လိုအပ်သည့် ကျောင်းစာအုပ်များအပါအဝင် စာရေးကိရိယာများ၊ ဆရာ၊ဆရာမများအတွက် ကုန်ကျစရိတ်များ စသဖြင့် ငွေကြေးလိုအပ်ချက်များရှိသလို မိဘအများစုမှာလည်း စစ်ဘေးရှောင်များ၊ ပဋိပက္ခကြား စီးပွားရေးအဆင်မပြေသူများ ဖြစ်နေသဖြင့် ကျောင်းလခပေးရန် ခက်ခဲနေကြသည်။

ယင်းကြောင့် မြေပြင်ကျောင်းများနှင့် အွန်လိုင်းကျောင်းများ၏ အခက်အခဲ၊ စိန်ခေါ်မှု၊ ကျပ်တည်းမှုစသည့် အကြောင်းအရာများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်သည်။

“ပြင်ပအလှူရှင်လာတာ အတော်နည်းပါတယ်။ အဓိကရွာသားတွေနဲ့ ကျောင်းပူးပေါင်းပြီး ဖြေရှင်းကြတာ များပါတယ်”

တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦး

DW ။ လက်ရှိမှာ တနင်္သာရီမြို့နယ်ထဲ ကျောင်းအရေအတွက်၊ ဆရာ/ဆရာအရေအတွက် ၊ကျောင်းသူ ကျောင်းသားစုစုပေါင်း အရေအတွက်ဘယ်လောက်ရှိလဲ။ ဘယ်အတန်းကနေ ဘယ်အတန်းအထိ သင်ကြားပေးနေလဲ။

ဖြေ ။ လက်ရှိ ကျောင်းပေါင်း ၄၀ကျော်။ ဆရာ၊ဆရာမ ၄၀၀ကျော်နဲ့ ကျောင်းသားအရေအတွက် ၇၀၀၀ ကျော်ရှိတယ်။ အတန်းကKG ကနေ G12 အထိရှိပါတယ်။

DW ။ လက်ရှိအချိန်မှာ မြေပြင်ကျောင်းတွေအနေနဲ့ ကျောင်းသုံးစာအုပ်၊စာရေးကိရိယာနဲ့ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေကြုံနေရလဲ။ ဘယ်လိုဖြေရှင်းဆောင်ရွက်နေရလဲ။

ဖြေ ။ စာရေးကိရိယာ နှစ်စဥ်လိုအပ်ချင်ပမာဏများနေတယ်။ ၀ယ်ယူဖို့ buget(ငွေကြေး) လိုအပ်ချက်ရှိတယ်။ နောက်ပိုင်း သယ်ယူရခက်ခဲလာတယ်။ အလှူရှင်တချို့ ကျောင်းသုံးကိရိယာလှူကြပေမယ့် ကျောင်းအားလုံးမှာရှိတဲ့ ကျောင်းသားဦးရေအတွက် လုံလောက်မှုမရှိသေးတဲ့အခြေအနေပါ။ကုန်စျေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာတာ ကြောင့် စာရေးကိရိယာနဲ့ ပုံနှိပ်စာအုပ်အတွက် နောက်ပိုင်းပိုမိုခက်ခဲလာနိုင်တယ်။ G 12 ကလေးတွေမှာဆိုရင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေပြီးတော့ (ပုံနှိပ်စာအုပ်)မိတ္တူကူးပေးပြီးတော့ ကလေးတွေက စာရွက်တွေဝယ် အဲလိုလုပ်ရတယ်ပေါ့နော်။ဒါတောင်မှ (ကျပ်)ခြောက်သောင်းလောက် ကုန်ကျနေတယ်ပေါ့။ကျန်တဲ့ကလေးတွေအတွက် ကျတော့မိဘတွေက သူတို့နိုင်သလောက်အဆင်ပြေသလိုပဲ လုပ်ပေးနေကြတယ်ပေါ့နော်။ ပညာရေးဘုတ်အဖွဲ့ အနေနဲ့တော့ သီးသန့်ကြီးပံ့ပိုးနိုင်တဲ့ဟာမျိုးမရှိဘူး။အလှူရှင်တွေဆီကနေ ရတဲ့ဟာမျိုးဆိုရင် ရံဖန်ရံခါထောက်ပံ့ပေးနိုင်တဲ့ အနေအထားမျိုးပေါ့နော်။ အနည်းအကျဉ်းလောက်ပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျောင်းတွေကို လွှမ်းခြုံရတဲ့ဟာတွေက မြို့နယ်ဘုတ်အနေနဲ့က အများကြီးပဲပေါ့နော်။ကိုယ့်မှာရတဲ့အလှူငွေကလည်း နည်းနည်းပဲဆိုတော့ မလောက်မငတွေပေါ့နော်။ မလောက်တော့ မလောက်ပါဘူးပေါ့နော်။

DW ။ ဆရာ ဆရာမတွေ၊ စီမံခန့်ခွဲသူတွေအနေနဲ့ရော ဘယ်လိုအခက်အခဲတွေရှိနေလဲ။အဲဒီအခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းခဲ့လဲ။

ဖြေ ။ တချို့ဆရာဆရာမတွေအနေနဲ့ volunteers fees (စေတနာ့ဝန်ထမ်းကြေး) မယူဘဲ သင်ကြားမှုတွေ လုပ်သူတွေရှိတယ်။ မိမိနေရပ်မဟုတ်ဘဲ ရပ်၀ေးမှာ ညအိပ်သင်သူတွေလည်းရှိတယ်။ ဆရာ၊ဆရာမအများစုက မိသားစုစီးပွားရေးထက် ပညာရေးမှာ ပါ၀င်သင်ကြားနေကြရင်း တစ်ဖက်မှာလည်း စား၀တ်နေရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲတွေပိုရှိတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ မြေပြင်မှာ ကြိုးစားသွားလာပြီးချိတ်ဆက်မှုတွေပိုလုပ်နေရပါ တယ်။ အဓိကလမ်းခရီး သွားလာမှုခက်ခဲတယ်။ ဆက်သွယ်ရေးစနစ်ခက်ခဲတာကြောင့် အချိန်နှောင့်နှေးတာတွေရှိတယ်။ သိုပေမဲ့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ဖို့ မြေပြင်တာ၀န်ခံတွေနဲ့ အကောင်းဆုံးချိတ်ဆက်ဖြေရှင်းပါတယ်။

DW ။ ကျောင်းသုံးစာအုပ်အခက်အခဲ၊ ဆရာဆရာမတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေက ဘယ်အချိန်ကတည်းက ကြုံတွေ့နေရလဲ။ ဘယ်လိုဖြေရှင်းဆောင်ရွက်ခဲ့လဲ။

ဖြေ ။ ကျောင်းသုံးစာအုပ်အခက်အခဲက နောက်ပိုင်း ၀ယ်ယူရေစျေးမြင့်တာ၊ သယ်ရခက်ခဲတာကြောင့် ပိုမိုခက်ခဲလာ တယ်။ဆရာ၊ဆရာမ အခက်အခဲတွေအတွက် မြေပြင်စစ်တမ်းကောက်ယူမှုလုပ်တယ်။ ခက်ခဲစာရင်းကောက်ယူပြီး အလှည့်ကျ ထောက်ပံ့မှုစီစဥ်ပေးတယ်။ NUG MOE (ပညာရေးဝန်ကြီးဌာန)ကနေလည်း CDM ထောက်ပံ့မှုရအောင် လုပ်ပေးတယ်။ သို့ပေမဲ့ အားလုံး မရကြပါပါဘူး။

DW ။ ဒီလိုမျိုးခက်ခဲနေချိန်မှာ NUG အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း၊အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှု အနေအထားက ဘယ်လိုရှိလဲ။

ဖြေ ။ NUG MOEဘက်ကအခုချိန်အထိဆိုရင် ကျောင်းအားလုံးကိုထောက်ပံ့မှု ၂ကြိမ် ပေးခဲ့ပြီးဖြစ်တယ်။ အခြားသော အရေးပေါ်ထောက်ပံ့မှုတွေ၊ G 12 အတွက်ထောက်ပံ့မှုအချို့ရရှိပါတယ်။ အလှူရှင်ထောက်ပံ့မှုက ရတဲ့ကျောင်းပဲ ရကြပါတယ်။ ပညာရေးရန်ပုံငွေအတွက် ကျောင်းအလိုက် ရန်ပုံငွေရအောင် စုံညီပွဲ မဲရောင်းတာတွေပဲလုပ်ကြတာများပါတယ်။ ပြင်ပအလှူရှင်လာတာ အတော်နည်းပါတယ်။ အဓိကရွာသားတွေနဲ့ ကျောင်းပူးပေါင်းပြီး ဖြေရှင်းကြတာ များပါတယ်။ အလှူရှင်တွေ ပညာရေးကို၀ိုင်း၀န်းဖြည့်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်။

DW ။ နောက်တစ်ခုက အခုဆိုရင် စစ်ကောင်စီက မြေပြင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် လုပ်နေတာပေါ့နော်။ အခုလိုမျိုးအခင်းအကျင်းမှာ ဘယ်လိုစိုးရိမ်မှုတွေရှိလဲ။

ဖြေ ။ စာသင်ကျောင်းဗုံးကျဲတာတွေကြောင့် မြေပြင်ကျောင်းအားလုံးစိုးရိမ်ကြတယ်။ မြေပြင်မှာလည်း လေကြောင်းတိုက်ခိုက်မှုခြိမ်းခြောက်မှုခံရတဲ့ ကျောင်းတွေရှိနေတယ်။ လတ်တလောမှာ NUG MOEက ညွှန်ကြားချက်အတိုင်း ပိတ်ထားပါတယ်။ ပြင်ဆင်ချက်ကတော့ ဗုံးခိုကျင်းတွေပြန်လည်ပြင်ဆင်နိုင်ဖို့ ကျောင်းအလိုက်လုပ်ဆောင်နေပါတယ်။

DW ။ ကျောင်းသုံးစာအုပ်၊ ဘဏ္ဏာငွေကြေးအခက်အခဲကြုံနေရတဲ့အနေအထားမှာ ရေရှည်မှာဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ စာအုပ်တွေက ၀ယ်ရခက်လာရင်တော့ ရေရှည်မှာ ပုံနှိပ်စာအုပ်မလုံလောက်မှု၊ စာရေးကိရိယာ မလုံလောက် တာတွေရှိလာမယ်။ ကျောင်းသားတွေ သင်ကြားသင်ယူမှုနှောင့်နှေးလာမယ်။ ရန်ပုံငွေအခက်အခဲကြောင့် ကျောင်းရဲ့ လိုအပ်ချက်တွေ မဖြည့်စွက်နိုင်ရင် ပညာသင်ယူခွင့်ရှိတဲ့ကလေးငယ်တိုင်း လုံလောက်တဲ့ပာာ မရတာ၊ ကျောင်းမတက်နိုင်တော့တဲ့အခြေအနေထိရောက်လာမယ်။ဒါလောက်အထိမဖြစ်နိုင်အောင် အခုကတည်းကပြင်ဆင်ထားမှုတွေလုပ်ဖို့လိုနေပါတယ်။

DW။ တိုက်ပွဲနဲ့ ပဋိပက္ခဇုန်ထဲက ကလေးတွေသာ ကျောင်းနေခွင့်မရတော့ရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ။

ဖြေ ။ တိုက်ပွဲတွေကြောင့်အခုချိန်မှာလည်း ကလေးငယ်တွေ ပညာသင်ခွင့်မရတာ များပါတယ်။ အသက်အရွယ်နဲ့ အတန်းမမျှတာ ပုံမှန်ကျောင်းမတက်နိုင်တာကြောင့် ပညာပြည့်၀အောင် မသင်ယူနိုင်ကြပါဘူး။ အရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်မလုံခြုံမှုတွေကြောင့် သာမန်အခြေအနေမဟုတ်ဘဲ စစ်ပွဲအကြားမှာ ကလေးငယ်တွေ ခက်ခက်ခဲခဲသင်ယူနေကြရပါတယ်။ ကလေးငယ်တွေပညာသင်ခွင့်မရရင်တော့ သူတို့ရဲ့ တွေးခေါ်မှု၊ စဥ်းစားဆင်ခြင်နိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ မှားယွင်းလာနိုင်တာကြောင့် ပညာရေးကအရေးကြီးပါတယ်။ အနာဂတ်မှာ ပညာတတ်လူငယ်တွ ရှားလာမယ်။ လမ်းမှားရောက်သွားနိုင်တာကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း နည်းလမ်းတစ်မျိုးမျိုးနဲ့ ပညာသင်ခွင့်ရဖို့အရေးကြီးပါတယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ခွင့်ရရေးက အင်မတန်အရေးကြီးတာမို့ မိမိရပ်ရွာဒေသက ပညာရေးကို ၀ိုင်း၀န်းထောက်ပံ့ပေးစေလိုပါတယ်။အနာဂတ်နိုင်ငံမှာလည်း စစ်မှန်ပြည့်၀တဲ့ခေါင်းဆောင်လူငယ်များ လိုအပ်တာကြောင့် ပဋိပက္ခကာလ ဖြစ်ပေမယ့်လည်း ပညာရေးကိုမရပ်နားဘဲ ရတဲ့နည်းနဲ့ သင်ယူနိုင်ဖို့ ၀ိုင်း၀န်း အားထုတ်ကြစေလိုပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပြည်သူက ကျပ်တည်းရင် ပြည်သူ့အခြေပြုကျောင်းတွေလည်း ကျပ်တည်းမယ်”

ဆရာကျောင်း (အဖွဲ့ဝင်)၊ ထားဝယ်ပညာရေးအင်စတီကျူ့(TEI)

DW ။ ဒေသတွင်းမှာ ပညာရေးကဏ္ဍ ဖော်ဆောင်ရာမှာ ဘာအခက်အခဲတွေရှိနေလဲ။

ဖြေ ။ ဒေသအတွင်း ပညာရေးကဏ္ဍကို အကောင်အထည်ဖော်တဲ့အချိန်မှာ လုံခြုံရေးအခက်အခဲ၊ လေကြောင်း အန္တရာယ်၊ ဆရာအတတ်သင်ပညာနဲ့ပတ်သက်ပြီး လူသားအရင်းအမြစ် မလုံလောက်မှု၊ ရေရှည်လည်ပတ်နိုင်ဖို့အတွက် ဘဏ္ဍာရေးအခက်အခဲတွေကတော့ အဓိက ဖြစ်ပါတယ်။

DW ။ ပညာရေးဖော်ဆောင်နေသူတွေရဲ့ အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ ။ ပညာရေးဖော်ဆောင်နေတဲ့သူတွေအနေနဲ့ဆိုရင် အထက်ကပြောသလိုပဲ အခက်အခဲတွေအပြင် စားဝတ်နေရေး ကိစ္စရပ်တွေကတော့ အဓိက စိန်ခေါ်မှုအနေနဲ့ပါဝင်လျက်ရှိတယ်။ နောက်တစ်ခုက အတူတူလုပ်ဆောင်နေသူတွေကို ရေရှည်ထိန်းထားနိုင်ရေးဟာလည်း အခက်အခဲတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုက သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ သူတို့အနေနဲ့ ပညာရေးအပေါ်နားလည်ထားမှုတွေ လွဲမှားနေတဲ့အချိန်မှာ ပူးပေါင်း ဆောင်ရွက်ရတာတွေမှာ အခက်အခဲဖြစ်ပါတယ်။

DW ။ ပညာရေးဖော်ဆောင်သူတွေ အချင်းချင်းအကြား သဟဇာတဖြစ်မှုအတွက်က ဘာကအရေးကြီးလဲ။ ဘယ်ကိစ္စတွေလဲဆိုတော့ အသိအမှတ်ပြုမှုကိစ္စတွေ ပုံစံလိုမျိုးပေါ့နော်။

ဖြေ ။ အဓိက ကတော့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းဖို့လိုပါမယ်။ ဒီကတစ်ဆင့် ယုံကြည်မှုကိုတည်ဆောက်ပြီး အပြန်အလှန်ဖေးမသွားကြရမှာဖြစ်ပါတယ်။ ပညာရေးကိုအရောင်တွေမပါဘဲ သွားကြရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ အသိအမှတ်ပြုရေးကိစ္စက အဲဒါ သူတို့ကိုယ်တိုင် NUCC(အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ) JCC education (ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ) ကနေထုတ်ထားတဲ့ ဖက်ဒရယ် ပညာရေးမူဝါဒကို မဖတ်လို့ ဖြစ်မှာပါ။ နားမလည်လို့လည်းဖြစ်နိုင်ပါတယ်။ ဒါကိုဖတ်ဖို့ နားလည်အောင် လုပ်ဖို့တိုက်တွန်းပါတယ်။ ဒါမဖတ်ရင် ပညာရေးအကောင်အထည်ဖော်နေသူတွေအနေနဲ့ ပြဿနာရှိနိုင်ပါတယ်။

DW ။ ကျောင်းသားတွေရဲ့ အခက်အခဲကရော ဘာတွေလဲ။

ဖြေ ။ ကျောင်းသားတွေဆိုတာကတော့ မိဘတွေကို မှီခိုပြီးရပ်တည်ရတာကိုး အဲတော့ဗျာ အခုချိန်မှာ စားဝတ်နေရေး အကျပ်အတည်းက ကလေးတွေအပေါ်ကို ရိုက်ခတ်လာပါတယ် ။ နောက်တော့ စားဝတ်နေရေးအတွက် ကျောင်းထွက်ရတယ် ဆိုတာတွေဖြစ်လာပါတယ်။ ဒေသတွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 ကထုတ်ထားတဲ့ Report တစ်ခုအရဆိုရင် ကျွန်တော်တို့ဒေသမှာ ကျောင်းမတက်နိုင်တဲ့ ကလေးဟာ ၇၀ ရာခိုင်နှုန်းတောင်ရှိတယ်လို့ သိရတယ်ဗျ။ ဒါဟာ အနာဂတ်အတွက် အင်မတန်အန္တရာယ်ကြီးတဲ့ အရေအတွက်လို့ပြောရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ။ အထူးသဖြင့် ကျွန်တော်တို့ ပဋိပက္ခနဲ့အတူ ယှဉ်တွဲနေထိုင်နေရတဲ့ ကလေးတွေအနေနဲ့ သင်ယူမှုဝန်းကျင်ကောင်းလည်းမရသလို သင်ယူဖို့လည်း အတော်ကြိုးစားနေရတယ်ဆိုတဲ့ အခက်အခဲတွေလည်းရှိပါတယ်။

DW ။ မိဘတွေရဲ့အခက်အခဲတွေကရော ဘာတွေရှိနေလဲ။

ဖြေ ။ မိဘတွေကတော့ အဓိက ကုန်စျေးနှုန်းကြီးမားမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါမှု၊ စစ်ကောင်စီရဲ့ ရိက္ခာတွေဖြတ်တောက်ခံရမှု၊ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းစီးဆင်းခွင့်မရမှုတွေက မိဘတွေရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ရိုက်ခတ်လာစေပါတယ်။ ကလေးတွေအပေါ် မိဘတွေရဲ့ စိုးရိမ်မှုကတော့ အင်မတန်ကြီးပါတယ်။

DW ။ ပြည်သူကို အခြေပြုထားရတဲ့ ကျောင်းတွေရဲ့ အခက်အခဲကရော ဘယ်လိုရှိလဲ။

ဖြေ ။ ပြည်သူကိုအခြေပြုထားရတာဖြစ်တဲ့အတွက် ပြည်သူက ကျပ်တည်းရင် ပြည်သူ့အခြေပြုကျောင်းတွေလည်း ကျပ်တည်းမယ်ဆိုတဲ့ အချိုးနဲ့ညီမျှသလိုဖြစ်နေပါတယ်။ နေရာကတော့ ကျွန်တော်တို့ စနစ်တကျကို ပြင်ဆင်ရပါတယ်။ လုံခြုံဘေးကင်းစေဖို့ ပထမ ဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ကျွန်တော်တို့ သင်ကြားမယ့်နေရာတွေကို ရွေးချယ်ရပါတယ်။ အမြဲတမ်း လေယာဉ်သံကိုနားစွင့်နေရပါတယ်။ ဒီကာလမှာ သင်ကြားပေးကြတဲ့ CDM နဲ့ volunteer တွေဟာ အင်မတန်ဂုဏ်ယူစရာကောင်းတဲ့သူတွေဖြစ်ပါတယ်။ အသက်နဲ့ငွေကြေးကိုပဓာနမထားဘဲနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားပေးနေကြတာ ဂုဏ်စရာဖြစ်ပါတယ်။ဒီလိုဂုဏ်ပြုထိုက်သူတွေကို ကျွန်တော်တို့အနေနဲ့ စကားလုံးတွေနဲ့ နှစ်သိမ့်နေရုံနဲ့မပြီးပါဘူး။ သူတို့ကို လုပ်ပေးနိုင်တာတွေကို လက်တွေ့ကျကျလုပ်ဆောင်ပေး နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။CDM တွေဆိုရင် အဆင်မပြေတာရှိရင် စိတ်အားလူအားဖေးမပေးဖို့၊ စေတနာ့ဝန်ထမ်းတွေဆိုရင် သူတို့အတွက် ဆက်လက်ပညာသင်ကြားရေးကို လမ်းဖွင့်ကူညီတိုက်တွန်းတာမျိုးတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါတွေကိုမလုပ်ပေးနိုင်ဘူးဆိုရင် သင်ကြားပေးနိုင်မယ့်ဆရာ၊ ဆရာမတွေကို ရေရှည်ထိန်းထားဖို့ဆိုတာ အင်မတန်ခက်ပါတယ်။

DW ။ အခြေခံပညာရေးကနေ အဆင်မြင့်ပညာရေးကို လှမ်းရတဲ့ကြားက အဟကွာမှုအခြေအနေတွေကိုရော ဘယ်လိုကုစားနေကြရလဲ။

ဖြေ ။ လက်ရှိအချိန်မှာတော့ အခြေခံပညာ ၁၂တန်းပြီးရင်တော့ GEDတက်မလား ။ IGCSEတက်မလား။ တိုင်းရင်းသားနယ်မြေတွေမှာ ဖွင့်ထားတဲ့ တက္ကသိုလ်မှာတက်မလား ။ NUGရဲ့ အွန်လိုင်းတက္ကသိုလ်တွေတက်မလား။ ဒါတွေတော့ရွေးချယ်စရာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာက ကျောင်းတွေတောင် ရေရှည်ရပ်တည်နိုင် ဖို့တောင် အတော်ရုန်းကန်နေကြရသလို အထက်တန်းအဆင့်တောင် မဖွင့်နိုင်သေးတဲ့အခြေအနေပါ။ဒါပေမဲ့ ကျွန်တော်တို့ ဒေသအတွက် ကြိုးစားကြဖို့တာဝန်ရှိပါတယ်။ကျွန်တော်တို့ ဆီမှာဆိုရင် ကျွန်တော်ကတော့ ခွဲလုပ်ကြဖို့ အမြဲတိုက်တွန်းပါတယ်။ အခြေခံပညာကို အခြေခံကဆရာ၊ဆရာမတွေ အကောင်အထည်ဖော်ပြီး အဆင့်မြင့်ပညာကို တက္ကသိုလ်က CDMလုပ်ထားတဲ့ ဆရာ၊ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ဦးဆောင်အကောင်အထည် ဖော်ဖို့ တိုက်တွန်းဖြစ်ပါတယ်။ဒါမှလည်းအလုပ်ကမြန်ပြီး ကလေးတွေအတွက် အခွင့်အလမ်းတွေ ပွင့်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မှ ပညာရေးဟာ အာမခံချက်ရှိတယ်လို့ ပြည်သူက ခံစားလာရမှာဖြစ်ပါတယ်။

DW ။ အခုလာမယ့် ပညာသင်နှစ်အတွက်အခက်အခဲဆုံးက ဘာဖြစ်မလဲ ။ ဘယ်လိုပြင်ဆင်ထားပြီးပြီလဲ။

ဖြေ ။ အဓိကကတော့ လေကြောင်းအန္တရာယ်ပါ။ ဒီဟာကတော့ ကျွန်တော်တို့ဒေသအတွက် အဆန်းတော့ မဟုတ်ပါဘူး။ပဋိပက္ခပေါင်းစုံကြားမှာပဲ ကျွန်တော်တို့အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး ကလေးတွေအတွက် ပြည်သူနဲ့ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ဒီနေရာမှာ အထူးသတိပေးလိုတာက စာသင်ကျောင်းတွေကို လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတွေ ဝင်ထွက် သွားလာခွင့်ကို ပိတ်ပင်ထားဖို့က အထူးအရေးကြီးပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို လက်နက်၊ယူနီဖောင်းတွေနဲ့ သွားရောက်နေထိုင်ခြင်းတွေကို ရှောင်ရှားဖို့တိုက်တွန်းပါတယ်။

DW ။ ဒေသတွင်းက မြေပြင်ကျောင်းတွေမှာရော ဘာတွေခက်ခဲနေကြလဲ။

ဖြေ ။ ကျောင်းအားလုံးနီးပါးကတော့ အခက်အခဲတွေအကုန်တူကြပါတယ်။ တချို့ကျောင်းတွေဆို ဆရာ၊ဆရာမ မလုံလောက်လို့ ကျောင်းတွေမဖွင့်နိုင်တော့တာတွေကတော့ အဓိကအခက်အခဲပါ။

DW ။ ဖြည့်စွက်ပြောကြားလိုတာ ပြောပေးပါ။

ဖြေ ။ တိုင်းပြည်ရဲ့တည်ဆောက်ရေးမှာဖြစ်စေ တော်လှန်ရေးမှာဖြစ်စေ ပညာရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိပါတယ်။ပညာရေးဟာ လွတ်လပ်ရမယ်၊အမှီအခိုကင်းရမယ်ဆိုတာတော့ ကျွန်တော်တို့အမြဲကိုင်စွဲပါတယ်။ဒါကြောင့် ပညာရေးကိုဖော်ဆောင်နေသူတွေဟာ တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။ကျွန်တော်တို့ ပညာရေးဆိုတာ Certificate၊ ဒီပလိုမာ၊ ဒီဂရီဆိုတဲ့ စာရွက်သီးသန့်ထုတ်ပေးတဲ့ ပညာရေးမျိုးထက် ကလေးတွေရဲ့ မိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်တဲ့ စွမ်းရည်တွေရှိတဲ့ ကလေးတွေ ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။နောက်တစ်ခုက လက်ရှိလက်နက်ကိုင်တပ်တွေထဲ တကယ်အရည်အချင်းရှိပြီး ပညာတစ်ပိုင်းတစ်စနဲ့ ပညာသင်ကြားလိုတဲ့ ကလေးတွေရှိနိုင်ပါတယ်။ ဒီကလေးတွေကို တပ်တွေအနေနဲ့ ပညာဆက်လက်သင်ကြားဖို့ အားပေးတိုက်တွန်းကြဖို့လည်း အရေးကြီးပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အွန်လိုင်းပညာရေးဆိုတာက ကလေးတွေအတွက် အခမဲ့ ပညာရေးပေါ့ဗျာ”

အွန်လိုင်းကျောင်း ကျောင်းဆရာတစ်ဦး၊ တနင်္သာရီတိုင်း

DW ။ NUG အွန်လိုင်းပညာရေးကျောင်းကို ဘယ်နှစ်မှာစဖွင့်ခဲ့လဲ။ အွန်လိုင်းကျောင်းဖွင့်ရတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုစဖွင့်ဖြစ်ခဲ့တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ အွန်လိုင်းကျောင်းဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ ကလေးတွေ ပညာမသင်ဘဲ ရပ်နားထားလို့ မရဘူးပေါ့နော်။ ရပ်ထားလို့ မရတဲ့အတွက်ကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ကလေးတွေပညာသင်ယူဖို့ လက်လှမ်းမီအောင် ပလက်ဖောင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ အွန်လိုင်းကျောင်းကို တည်ထောင်ခဲ့တာပေါ့နော်။ ကလေးတွေ ပညာသင်ယူခွင့်ရရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

DW ။ အွန်လိုင်းကျောင်းရဲ့ သင်ကြားသင်ယူမှု နည်းစနစ်နဲ့ ကျောင်းသားတွေအတွက် တတ်မြောက်မှုစစ်ဆေးတဲ့ နည်းစနစ်က ဘယ်လိုရှိလဲ။

ဖြေ ။ အတန်းစနစ်အရတော့ KG ကနေ G-12 အထိ သင်နေတယ်ပေါ့နော်။ သင်ရိုးအသစ်ကိုပဲ အဓိကသွားနေတယ်။ အဓိက KG – G-12 ပေါ့။ သို့ပေမယ့် အချို့အတန်းဘာသာရပ်တွေကျတော့ စစ်ကောင်စီက အာဏာသိမ်းလိုက်လို့ မပြီးသေးတဲ့ ဘာသာရပ်မျိုးဆိုရင် အချို့အတန်းတွေက Textbook တွေ မထွက်သေးတဲ့ ဘာသာရပ်မျိုးဆိုရင် အသစ်ထပ်ပြီးတော့ ပြန်ရေးဆွဲပြီးရင် သင်နေတယ်ပေါ့နော်။ ဆိုလိုတာက သင်ရိုးအသစ်လို့ ပြောပေမယ့် စစ်ကောင်စီနဲ့ အားလုံး တူနေတာမျိုးတော့ မဟုတ်ဘူး။ အာဏာသိမ်းတုန်းက ကျန်နေသေးတဲ့ အတန်းတွေရှိတယ်။ Textbook မထွက်သေးတဲ့ အတန်းတွေရှိတယ်ပေါ့နော်။ ဒါကို စစ်ကောင်စီဘက်က ဆက်ပြီး ရေးဆွဲနေတာရှိတာမျိုးရှိသလို တော်လှန်ရေးဘက်က ဆရာဆရာမအသိုင်းအဝိုင်းကလည်း စုပေါင်းရေးဆွဲထားတဲ့ သင်ရိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒါတွေနဲ့ ဆက်သွားနေတယ်။ နောက်ထပ် ကျွန်တော်တို့က အွန်လိုင်းဖြစ်တဲ့အခါကျတော့ သွားနေတဲ့ စစ်ဆေးအကဲဖြတ်မှုကလည်း စစ်ကောင်စီဘက်ကနဲ့ မတူဘူးပေါ့နော်။ ကျွန်တော်တို့က Face to Face လည်းမဟုတ်ဘူး။ အွန်လိုင်းဖြစ်တဲ့အခါကျတော့ ထိရောက်ဖို့အတွက်ဆို ပုံစံလေးမျိုးနဲ့ သွားတယ်။ အဓိကအနေနဲ့ ပ-နှစ်ဝက်၊ ဒု-နှစ်ဝက်ရှိမယ်။ Assignment ရှိမယ်။ Journal ရှိမယ်။ Project ရှိမယ်။ အဲလိုအပိုင်းတွေနဲ့ ကလေးတွေကို စစ်ဆေးအကဲဖြတ်ပြီး သွားနေပါတယ်။

DW ။ အွန်လိုင်းကျောင်းဖြစ်တဲ့အတွက် သင်ကြားသင်ယူရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေက ဘာတွေရှိလဲ။

ဖြေ ။ အခက်အခဲလို့ ပြောလိုက်ရင် ဘာကိုဆိုလိုလဲတော့ မသိဘူးပေါ့နော်။ အခက်အခဲဆိုတာမျိုးက ကျွန်တော်တို့ဘက်က ဖြေရှင်းလို့ ရနိုင်တာမျိုးတွေရှိတယ်။ အချို့တွေကတော့ ဖြေရှင်းမနိုင်တာမျိုးလည်းရှိတယ်။ ဥပမာ လိုင်းအခြေအနေတို့၊ အချို့နေရာတွေမှာ လိုင်းပြတ်နေတယ်။ အချို့နေရာတွေမှာ လိုင်းရတဲ့ နေရာတွေလည်း ရှိတယ်ပေါ့နော်။ Online Learning ဖြစ်တဲ့အတွက် အင်တာနက် အခက်အခဲတွေတော့ ရှိမယ်ပေါ့နော်။ ကျန်တဲ့အပိုင်းတွေကျတော့ လက်ရှိအခြေအနေအရ မရှိဘူး။ အဓိက ကျွန်တော်တို့မှာ ရှိတဲ့သူတော်တော်များများက ပြည်ပကို သွားပြီး အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတဲ့သူတွေ ရှိသလိုမျိုး ပြည်တွင်းမှာရှိတဲ့ CDM တွေကျတော့လည်း လက်ရှိသွားနေတဲ့ ဒေသတွေထဲမှာ ပါဝင်နိုင်ဖို့ လိုအပ်ချက်တွေ ရှိတုန်းပဲ။ ဒီလိုမျိုးတွေကျတော့ ကျွန်တော်တို့ဘက်က ဖြေရှင်းနိုင်တယ်ပေါ့နော်။ အွန်လိုင်းကနေ ကလေးတွေ ပညာသင်ယူနိုင်ဖို့အတွက် အခြားဒေသက CDM တွေနဲ့ ပေါင်းစပ်ပြီးတော့ သင်ကြားရေးအတွက် သွားနေတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ ဒါက အခက်အခဲဆိုတာမျိုးတော့ မဟုတ်ဘူး။ ကြုံလာရတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းနိုင်တဲ့အပိုင်းတွေပေါ့နော်။ အခက်အခဲဆိုတာမျိုးက အင်တာနက်လိုင်း ဖြစ်ကောင်းဖြစ်မယ်။ မီး(လျှပ်စစ်) အခက်အခဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။

DW ။ အွန်လိုင်းကျောင်းနဲ့ ပတ်သက်ပြီး ကြုံနေရတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးအခက်အခဲကိုရော ပြောပြလို့ရနိုင်လား။

ဖြေ ။ အခုသွားနေတဲ့ အွန်လိုင်းပညာရေးဆိုတာက ကလေးတွေအတွက် အခမဲ့ ပညာရေးပေါ့ဗျာ။ တိုင်းထဲက ကျောင်းသား ကျောင်းသူတွေလည်း ဖြစ်တယ်။ လက်ရှိ အခက်အခဲဖြစ်နေကြတယ်။ အခြားသော တိုင်းဒေသကြီးက ကျောင်းသားတွေအတွက် ကိုလည်း အခမဲ့ပညာရေးကို ဖော်ဆောင်ပေးထားတယ်ပေါ့နော်။ အခမဲ့ပညာရေးနဲ့ သွားနေတဲ့အချိန်မှာ ပါဝင်ပြီးတော့ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေက ကိုယ့်ဒေသက ဆရာ၊ဆရာမတွေရော အခြားသောဒေသက CDM ဆရာ၊ဆရာမတွေရော Volunteer (စေတနာ့ဝန်ထမ်း)ဆရာတွေလည်း ရှိမယ်ပေါ့နော်။ အဲလိုမျိုး CDM တွေ Volunteer တွေ ပေါင်းစပ်ပြီး သင်ကြားနေတဲ့အခါမှာ သူတို့အတွက် မှန်ကန်တဲ့ စေတနာပေါ့ဗျာ ပြန်ပေးတာမျိုးရှိတယ်။ သူတို့ကို လစာဆိုပြီး ပေးထားတာမျိုးတော့ မရှိဘူး။ ဆရာဆရာမတွေအတွက် Data support အနေနဲ့ ဆောင်ရွက်ပေးတာမျိုးပဲရှိတယ်။ ဒါကြောင့် ဘဏ္ဍာရေးနဲ့ပက်သက်လို့ ပြည်သူတွေကနေ နိုင်အားမျှ ကူညီထောက်ပံ့ပေးတာရှိမယ်။ ပြည်ပက နိုင်ငံသူ နိုင်ငံသားများကလည်း ကူညီထောက်ပံ့ပေးတာမျိုးရှိမယ်ပေါ့နော်။

DW ။ လက်ရှိ တိုင်းထဲမှာ အွန်လိုင်းကျောင်းအနေနဲ့ ဖွင့်ထားရတဲ့ အခြေအနေနဲ့ ပက်သက်ပြီး ရှေ့ဆက်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေက ဘာရှိလဲ။ ဒါတွေအတွက် ဘယ်လို ပြင်ဆင်ဆောင်ရွက်ထားလဲ။

ဖြေ ။ ကျွန်တော်တို့က ဘယ်နေရာက ကလေးတွေဖြစ်စေ ပညာသင်ယူနိုင်ဖို့ လက်လှမ်းမီဖို့အတွက် ဖန်တီးပေးထားတာရှိတယ်။ အခုချိန်မှာက ပြည်သူတွေဘက်မှာ အခက်အခဲပေါင်းစုံရှိတယ်။ ကျွန်တော်တို့ကို လက်လှမ်းမမီတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ လက်ရှိ စစ်ကောင်စီဘက်က သွားနေတဲ့ ကျောင်းတွေမှာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကျောင်းသင်ရိုးထဲ ထည့်သင်နေတဲ့ ကိစ္စတွေမျိုးပေါ့။ ကလေးတွေကို mindset ပေါ့။ အာဏာရှင်တွေကို လက်ခံတတ်ဖို့အတွက် အာဏာရှင်တွေ သင်ခိုင်းတဲ့အတွက် နာခံတတ်ဖို့ ပညာရေးထဲမှာ လေ့ကျင့်သင်ကြားနေတာမျိုးရှိတယ်။ အဓိက စိန်ခေါ်မှုသည် ကျောင်းအတွက် စိန်ခေါ်မှုဆိုတာထက် ပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်တယ်ပေါ့နော်။ တော်လှန်ရေးအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ အနာဂတ်ပညာရေးအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ ဒီလိုမျိုး mindset ကို ရိုက်သွင်းခံထားရတဲ့ ကလေးတွေသည် ပညာအစစ်တွေမဟုတ်တဲ့ ပုံစံမျိုးတွေ အာဏာရှင်တွေ လိုအပ်ချက်အရ ထည့်သွင်းသင်ကြားတာမျိုးတွေနဲ့ သူတို့က လူကြီးတွေ ဖြစ်လာကြမှာပေါ့နော်။ ဒါသည် ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးအတွက် ပြောင်းလဲရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ ဘာလို့လည်းဆို ကျွန်တော်တို့က အာဏာရှင်ကို မလိုတဲ့အတွက် တော်လှန်နေကြတဲ့ တော်လှန်ရေးဖြစ်တယ်လေ။

ကျောင်းအနေနဲ့ နောက်ထပ် ဆက်ဖွင့်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိမလဲဆိုတာကတော့ ကိုယ်တွေရဲ့ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး အာဏာရှင်မဖြစ်ဖို့ ကလေးတွေ စစ်မှန်တဲ့ ပညာရေးကို ရရှိဖို့ အဓိက ဦးတည်ပြီး သွားနေတယ်ပေါ့နော်။ ဆိုတော့ အွန်လိုင်းကျောင်းအတွက် စိန်ခေါ်မှုဆိုပြီး သီးသန့်အနေနဲ့တော့ မသိဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကလေးငယ်တွေ လက်လှမ်းမီသလောက် သင်ယူနိုင်ဖို့ကို ပလက်ဖောင်းတစ်ခုကို အနည်းဆုံး ဖန်တီးပေးထားရမယ်ပေါ့နော်။ ဖန်တီးပေးထားသင့်တယ်။ ဆိုတော့ ဒီပလက်ဖောင်းကို ဆက်ပြီးတော့ အကောင်အထည်ဖော်ထားဖို့တော့ရှိတယ်ပေါ့နော်။ စိန်ခေါ်မှုလို့ ပြောရင် လတ်တလောတော့ လောလောဆယ် မရှိသေးဘူး။ ပညာရေးနဲ့ ပတ်သက်လို့က ကလေးတွေကို အမှန်တရားကို အထူးသဖြင့် အမှားအမှန်ကို သေချာစဉ်းစားတွေးခေါ်နိုင်ဖို့ ဘာသာရပ်ပိုင်းဆိုင်ရာတွေမှာလည်း ဘောင်ခတ်သင်ကြားတာမျိုးမဟုတ်ပဲ နက်နက်ရှိုင်းရှိုင်းသိမြင်နိုင်ဖို့ သင်ယူမှုတွေကို ပြောင်းလဲ သင်ကြားပေးနေ တာမျိုးတွေရှိတယ်။ အတတ်နိုင်ဆုံး ကလေးတွေ လေ့လာမှု ဖတ်ရှုမှု သင်ယူမှုတွေကို တဆင့်ပြီးတဆင့် တိုးပြီး လုပ်ဆောင်ပေးဖို့တော့ ရှိတယ်ပေါ့နော်။

နည်းပညာနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကတော့ ကလေးငယ်တွေက အွန်လိုင်းကနေ တဖြည်းဖြည်း သင်ယူထားတဲ့ ကလေးတွေက စိန်ခေါ်မှုအနေနဲ့ မကြုံရတော့ဘူး။ သူတို့အတွက် Used to (အသားကျ) ဖြစ်လာတယ်။ နည်းပညာဘက်မှာပိုပြီးတော့ အားသာလာကြတယ်။ ပြီးတော့ Application အသီးသီးကလည်း သူတို့အတွက် ပိုပြီးတော့ အသုံးဝင်လာကြတယ်။ မှန်မှန်ကန်ကန် အသုံးချတတ်လာတယ်။ ဒီအပေါ်မှာ နောက်မှ အသစ်ဝင်လာမယ့် ကလေးငယ်တွေအတွက်ကတော့ နည်းပညာနဲ့ ပက်သက်ပြီး စပြီးထိတွေ့တဲ့အခါမှာတော့ အခက်အခဲကတော့ ရှိမှာပဲပေါ့နော်။ ကျွန်တော်တို့ကလည်း ဒီစိန်ခေါ်မှု အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ဒီဘက်မှာ နည်းပညာနဲ့ပတ်သက်ပြီး သင်တန်းတွေလို ပြင်ဆင်ပေးထားတာမျိုးတွေရှိတယ်ပေါ့နော်။

DW ။ ကျေးဇူးတင်ပါတယ်။