ထားဝယ်တွင် ဆိုင်ကယ်၏ အရှေ့နှင့်အနောက်ဘက်တွင် နံပါတ်ပြားမတပ်ပါက စစ်ဆေးဖမ်းဆီးနေသည်ဆိုသော သတင်းကြောင့် တပ်ဆင်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။
မြို့ခံတစ်ဦးက Facebook လူမူကွန်ရက်ပေါ်တွင် လိုင်စင်အပြည့်အစုံပါသော်လည်း ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်ထားသဖြင့် အဖမ်းခံရကြောင်း ပို့စ်တင်ပြီးနောက် ထိုကဲ့သို့ တပ်ဆင်သူများလာခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောဆိုသည်။
ထားဝယ်တွင် ဆိုင်ကယ်များမှာ နံပါတ်ပြား တစ်ခုသာ တပ်ဆင်ထားကြပြီး ကညနရုံးကလည်း ဖောင်းကြွနံပါတ်ပြား တစ်ခုသာထုတ်ပေးသဖြင့် အရှေ့၊အနောက် တပ်ဆင်လေ့မရှိပေ။
Dawei Watch အနေဖြင့် ဆိုင်ကယ်လိုင်စင်လုပ်ပေးနေသည့် ပွဲစားအချို့နှင့် ထားဝယ်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတို့ထံ ဆက်သွယ်မေးမြန်းရာတွင်မူ နံပါတ်ပြားရှေ့နောက် မတပ်ဆင်ပါက အရေးယူရန် ညွှန်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။
“အဲဒါလူတွေ သက်သက်အွန်လိုင်းပေါ် လျှောက်ဖွနေတာပါ။ ဘာမှဖမ်းဖို့ ညွှန်ကြားထားတာမရှိဘူး။ ကညန ကလည်း မညွှန်ကြားဘူး။ ယာဉ်ထိန်းရုံးကလည်း ညွှန်ကြားထားတာမရှိဘူး” ဟု ကညနရုံးနှင့်နီးစပ်သည့် ပွဲစားတစ်ဦးကပြောသည်။
သို့သော် မြို့ခံများမှာမူ စစ်ဆေးဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဆိုင်ကယ်နံပါတ်ပြား အရှေ့အနောက် တပ်ဆင်နေရကြောင်း ပြောဆိုသည်။
ဆိုင်ကယ်နံပါတ်ပြား အရှေ့အနောက်တပ်ဆင်နေရသည့်အပြင် ရောင်ပြန်စတေကာပါ တပ်ဆင်နေကြရကြောင်း ပြောဆိုသည်။
“အခုချိန်မှာ ဥပဒေဆိုတာ သူတို့ပါးစပ်ထဲမှာရှိတာ။ သူတို့ဖမ်းချင်ရင် ဥပဒေတွေနားမလည်ဘူး။ ညွှန်ကြားချက်တွေလည်း ဂရုစိုက်တာမဟုတ်ဘူး။ ကျွန်မတို့ကတော့ လုပ်စရာရှိတာ လုပ်ထားရမှာပဲ” ဟု ထားဝယ်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
စစ်ကောင်စီခန့် ဝန်ကြီးတို့နှင့် နီးစပ်သူတစ်ဦးကလည်း ကညနရုံးအနေဖြင့် ဖောင်းကြွနံပါတ်ပြား တစ်ခုသာ ထုတ်ပေးလေ့ရှိသဖြင့် အရှေ့နောက်နံပါတ်ပြားတပ်ဆင်ရန် ညွှန်ကြားထားသည်ဆိုသည်မှာ မဟုတ်ကြောင်းပြောဆိုသည်။
“ကျွန်တော်သိသလောက်ကတော့ (စစ်ကောင်စီ) လုံနယ်ဝန်ကြီးဆီကို အဲဒီကိစ္စ( ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်လို့ ဖမ်းတဲ့အဖွဲ့ကိစ္စ) တင်ပြထားတယ်။ နောက်ထပ်မဖမ်းဖို့လည်း ပြောလိုက်တယ်လို့ကြားရတယ်” ဟု ၎င်းကဆိုသည်။
မြို့ခံတို့ကမူ စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲတို့၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်ပြီး နံပါတ်ပြားတစ်ချပ်ကို ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အကြား ကုန်ကျခံပြီး တပ်ဆင်နေကြရကြောင်း မြို့ခံအချို့က ပြောသည်။







