BREAKING
October 20, 2025

ရေဖြူ၊ ပယရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီဖြိုချ

June 21, 2025

ပုံစာ - ပယရွာအဝင်တစ်နေရာ ။ (ပုံဟောင်း) ဓာတ်ပုံ - Ko Zaw

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာ၊ ရှားကုန်းရပ်ကွက်မှ နေအိမ်တစ်လုံး ကို စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် ဖြိုချကာ ဖျက်ဆီးပစ်လိုက်ကြောင်း ရွာသားများထံမှသိရသည်။

ဖျက်ဆီးခံရသည့်နေအိမ်သည် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ပယရွာမှ ဇနီးမောင်နှံ၏ မိသားစု(မိဘ)ပိုင် တစ်ထပ်တိုက်ဖြစ်ပြီး ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

” ပယရွာက စစ်တပ်ဂိတ်မှာပဲ လင်မယားနှစ်ယောက်စလုံး ရိုက်နှက်စစ်ဆေးပြီးမှ မောရဝတီကိုထပ်ခေါ်သွားတယ်။ သူတို့မိဘအိမ်ကိုလည်း ဘတ်ဟိုး(မြေတူးစက်)နဲ့လာဖြိုသွားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး ကပြောသည်။

ပယရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ရှားကုန်းရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာမှ သားအဖနှစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

ခွေးမဖောရွာမှ သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်တွင် ပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်ကတည်းကစ၍ ပယရွာရှိ သတ္တုလုပ်ကွက်အသစ်များကို လုံခြုံရေးယူပေးရန်နှင့် ကံပေါက်ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ မဝင်ရောက်လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပယရွာတွင် နေရာခြောက်ခုခွဲ၍ အခိုင်အမာတပ်စွဲနေထိုင်နေခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု များထံမှသိရသည်။