BREAKING
November 3, 2025

စစ်ဆေးရေးဂိတ်များ ငွေတောင်းနေမှု ကြပ်မတ်ရန်ပြောသည့် စစ်ကောင်စီဥက္ကဋ္ဌစကား အလေးထားသူမရှိ

June 21, 2023

ပုံစာ - မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ၂၀၁၉ ခုနှစ်က တွေ့မြင်ရစဉ်

စစ်ကောင်စီဥက္ကဋ္ဌက လမ်းခရီးဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး ကြပ်မတ်ကြရန် ဇွန်လ ၁၂ ရက်နေ့တွင် ပြောဆိုခဲ့သော်လည်း အလေးထားသူမရှိဘဲ ငွေတောင်းမြဲတောင်းနေကြကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငွေတောင်းနေသည့်အကြောင်း တိုက်ရိုက်မပြောဆိုသော်လည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက စစ်ဆေးရေး ဂိတ်များကို ကြပ်မတ်ကြရန်လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌက ထိုသို့ပြောဆိုပြီးနောက်ပိုင်းတွင်လည်း စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က ငွေတောင်းနေဆဲပင်ဖြစ်ကြောင်း ကားသမားများနှင့် ခရီးသွားများက ယနေ့ပြောဆိုကြသည်။

တနင်္သာရီတိုင်းအတွင်းမှာပင် အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်လာသည့် စစ်ဆေးရေးဂိတ် အနည်းဆုံး ၂၇ ဂိတ် ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မှိုလိုပေါက်လာသည့် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များတွင် ငွေပေးမှ အရာရာ အဆင်ချောပေသည်။

ထိုဂိတ်များတွင် ကားသမားရော ခရီးသည်ပါ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်ကဲ့သို့လိုအပ်သည့် အထောက်အထား စာရွက်အပြည့်အစုံရှိနေသော်လည်း လမ်းကြေးကိုမူ ဆောင်ထားရစမြဲဖြစ်ကြောင်း ယာဉ်မောင်းများက ဖွင့်ဟကြသည်။

ကားတစ်ခေါက်ဖြတ်တိုင်း ယင်းဂိတ်တစ်ခုကို ငွေကျပ်တစ်ထောင်မှ နှစ်ထောင်ကျပ်အထိ ပေးနေရကြောင်း ရန်ကုန်-ထားဝယ်ပြေးဆွဲနေသည့် ကားသမားများက ဆိုသည်။

“မပေးရင်ရစ်တာပေါ့၊ ဟိုမေးဒီးမေးနဲ့ တရားဝင်ဂိတ်တွေပေးရတာက ရှစ်ထောင်လောက်ပဲရှိမယ်။ လမ်းဘေးဂိတ်တွေက အများကြီးပေါ်လာတယ်” ဟု အဆိုပါကားသမားက ပြောသည်။

ထားဝယ်မှ ရန်ကုန်အထိ ခရီးစဉ်တစ်ခေါက်အတွက် ပေးရသည့်ငွေက ငွေကျပ်နှစ်သောင်းခန့်ရှိကြောင်း ကားသမားများက ဆိုသည်။

မော်လမြိုင်-ထားဝယ် လမ်းပိုင်းတွင်မူ ခရီးသည်တစ်ဦးချင်းအလိုက် ငွေကြေးကောက်ခံသည့်  စစ်ဆေးရေးဂိတ် အချို့ပင် ရှိလာသည်။

ယင်းလမ်းပိုင်းကို ကိုယ်တိုင်ဖြတ်သန်းသွားလာခဲ့သည့် ခရီးသည်တစ်ဦး၏ ပြောပြချက်အရ ခရီးသည်တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်နှုန်းကောက်ခံနေသည်ဟု ဆိုသည်။

“မော်လမြိုင် ထားဝယ် လမ်းပိုင်းပိုဆိုးတယ်။ DKBA ဂိတ်တွေပေါ့။ ကားဆရာကပြောတယ် ခရီးသည်တစ်ယောက် နှစ်ထောင်နှုန်းနဲ့ပေးရမယ်လို့။အဲဒီဂိတ်တွေက လေးခုလောက်ရှိမယ်”ဟု အဆိုပါ ခရီးသည်က ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဂိတ်အများစု၏ အရှေ့တွင် ဘယ်ရီဂိတ်များချထားလေ့ရှိပြီး ယင်းနေရာအရောက်တွင် ကားခေါင်းခန်းမှ ငွေစက္ကူလိပ်ကိုင်ထားသည့် လက်တစ်ဖက်ထွက်လာလေ့ရှိသည်။

စစ်ဆေးရေးဂိတ်အချို့တွင်မူ ကားသမားက တစ်ထောင်တန်လိပ်လေးကိုင်ပြီး ဂိတ်အတွင်းပြေးဝင်သွားရသည့် ဖြစ်စဉ်များလည်း တွေ့ရသည်။

ထားဝယ်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဂိတ်အချို့တွင်မူ ဒေသခံခရီးသွားများအပေါ် နည်းလမ်းမျိုးစုံဖြင့် အပြစ်ရှာပြီး ခြိမ်းခြောက်အကျပ်ကိုင် ငွေတောင်းလေ့ရှိကြောင်း နာမည်ကြီးနေသည်။

ထားဝယ်ဒေသတွင် ဆိုင်ကယ်ကိုသာ အဓိကထား စီးနင်းသွားလာလေ့ရှိသည့်အတွက် မော်တော်ယာဉ်ဥပဒေတွင် ပြဌာန်းထားသည့် ဒဏ်ငွေပမာဏထက် အဆပေါင်းများစွာ တောင်းခံလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

အခုလ တတိယအပတ်ကလည်း လောင်းလုံးမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်လိုင်စင်သက်တမ်း ကုန်နေသည့်အတွက် စစ်ကောင်စီတပ်သားများက ငွေကျပ်သုံးသိန်းတောင်းယူခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ်ဥပဒေတွင်မူ သက်တန်းကုန်ဆုံးသည့် ယာဉ်ကိုမောင်းနှင်ပါက တစ်လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

“သုံးသိန်းတောင်းတာ။ သုံးသိန်းမပါလာဘူးပြောတာကို ဆိုင်ကယ်ထားရစ်ခိုင်းတယ်။ ပိုက်ဆံသွားယူမယ် ပြောတော့လည်း ဆိုင်ကယ်မပေးဘူး။ ခြေလျင်သွားခိုင်းတယ်။ ပိုက်ဆံလိုက်ရှာတာ နှစ်သိန်းခွဲပဲရတယ်။ တောင်းတောင်းပန်ပန်နဲ့ နှစ်သိန်းခွဲပေးလိုက်ရတာပေါ့”ဟု ၎င်းက ပြောသည်။

ယင်းအပြင် မြို့နယ်ချင်းဆက်ဒေသသို့ နေ့ချင်းပြန်သွားရတွင်လည်း မှတ်ပုံတင်မပါသည့်အတွက်ဆိုကာ ငွေကြေးတောင်းခံမှုများလည်း ရှိနေသည်။

ယင်းအခင်းအကျင်းများက စစ်ကောင်စီဥက္ကဋ္ဌ၏ ‘လမ်းခရီးဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး ကြပ်မတ်ကြရန်’ဆိုသည့် ပြောဆိုချက်နှင့် ဖီလာဆန့်ကျင်နေခြင်းပင်ဖြစ်သည်။