ဟောင်းနွမ်းစပြုနေပြီဖြစ်သည့် နှစ်ထပ်တိုက်အိမ်တစ်လုံး၏အောက်ထပ် အဖီလေးအောက်ရှိ ကြိမ်ကုတင်ပေါ်တွင် ရက်သားအရွယ်ကလေးလေး ပက်လက်အိပ်နေသည်။
ပြီးနောက် စူးစူးဝါးဝါးငိုချလိုက်သဖြင့် အိမ်နောက်ဖေးမှ မွေးစားမိခင်ဖြစ်သူ ဒေါ်ထွေး သုတ်သီးသုတ်ပျာ ပြေးထွက်လာပြီး ပွေ့ချီလိုက်သည်။
ဒေါ်ထွေး ရင်ခွင်ထဲရောက်သွားသည့် နီတာရဲလေးမှာ အငိုတိတ်သွားတော့သည်။
အသက် ၃၉ ရက်သာ ရှိသေးသည့် နီတာရဲလေး၏ အမည်မှာ မောင်ထက်နိုင်ဦး။ ရင်ခွင်မဲ့ကလေးတစ်ဦး တစ်နည်းအားဖြင် မိဘ၏စွန့်ပစ်ခြင်းခံခဲ့ရသည့် သနားစရာကလေးငယ်တစ်ဦး။
မောင်ထက်နိုင်ဦးလေးမှာ အောက်ပိုင်းဗလာဖြင့် နို့စို့ရင်း ငြိမ်ချက်သားကောင်းနေသည်။
နို့စို့နေသည်ဟုဆိုသော်လည်း အဟာရပြည့်ဝသော မာတာမိခင်၏ နို့ချိုတော့မဟုတ်။ အသင့်ဖျော်နို့မှုန့်ကို သောက်စို့နေခြင်းသာဖြစ်သည်။
“သူ့အမေမှာ နို့အရမ်းထွက်တယ်။ ဒါပေမဲ့ ကလေးကိုလုံးဝ မပေးစို့ဘူး။ ဒီကလေးကို သူမလိုချင်ဘူးတဲ့။ နီးတဲ့နေရာမှာ လွှင့်ပစ်မယ်ပြောလို့ ကျွန်မမွေးစားလာခဲ့တာ” ဟု ဒေါ်ထွေးကပြောသည်။
ဒေါ်ထွေးနှင့် သည်ကလေးမှာ ထားဝယ်ဆေးရုံကြီးပေါ်တွင် ရေစက်ဆုံလာကြခြင်းဖြစ်သည်။
ဝမ်းမှကျွတ်ကာစ ကလေးငယ်လေးကိုချီရင်း ထားဝယ်ဆေးရုံလူနာဆောင်များထဲသို့ အမျိုးသမီးငယ်တစ်ဦး တစ်ခန်းဝင်၊ တစ်ခန်းထွက် ကရင်အသံ တဝဲဝဲဖြင့်လိုက်မေးနေသည်။
“ဒီကလေးကို လိုချင်တဲ့သူရှိလားရှင့်…”
အသံရှင် မိန်းကလေးငယ်ဆီသို့ ကရုဏာသက်သည့် မျက်လုံးများဖြင့် ဝိုင်းကြည့်ကြသော်လည်း မည်သူကမျှ လက်ခံမွေးစားရန် စကားဆိုခြင်းမရှိကြပေ။
မွေးကင်းစကလေးကို လိုက်ပေးနေသည်မှာ ကရင်တိုင်းရင်းသူလေးမှာ မနွယ်နီဖြစ်ပြီး ထားဝယ်ခရိုင် မေတ္တာမြို့ ဟိန္ဒားကျေးရွာဇာတိဖြစ်သည်။
ရက်သားအရွယ်သားလေးကို အတင်းထိုးပေးနေသည့် ကရင်တိုင်းရင်းသူလေး၏ မကြည့်ရက်၊ မမြင်ရက်၊ မကြားရက်စရာ မြင်ကွင်းကို လူနာကုတင်ပေါ်က ဒေါ်ထွေး အတိုင်းသားမြင်တွေ့နေရသည်။
နောက်ဆုံးတွင် ကလေးကိုမွေးရန် ဒေါ်ထွေး ဆုံးဖြတ်လိုက်သည်။
ရင်ခွင့်မဲ့ ရင်သွေးများ
Dawei Watch က လက်လှမ်းမီသမျှ ရရှိထားသည့် အချက်အလက်အရ ရက်ပေါင်း ၅၀ ခန့်အတွင်း ထားဝယ်ခရိုင်တစ်ခုတည်းတွင်ပင် မိဘအရင်းက မွေးကင်းစ ကလေးစွန့်ပစ် ပေးကမ်းလိုက်သည့် ဖြစ်စဉ် လေးခုအထိရှိနေသည်။
ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံပေါ်တွင် ပေးပစ်လိုက်သည့်ဖြစ်စဉ်နှစ်ခုနှင့် ထားဝယ်ဆေးရုံကြီးတွင် ပေးပစ်လိုက်သည့်ဖြစ်စဉ်နှစ်ခု စုစုပေါင်းလေးခုဖြစ်သည်။
ယင်းဖြစ်စဉ်လေးခုစလုံးမှာ ၂၀၂၅ ဧပြီနှင့် မေလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်ကလည်း ထားဝယ်မြို့က စစ်ကောင်စီဆေးရုံတွင်လည်း မွေးကင်းစကလေး ပေးပစ်လိုက်သည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ဖူးသည်။
ယင်းဖြစ်စဉ်များမှာ Dawei Watch က လက်လှမ်းမီသမျှ ပြုစုထားသည့် ထားဝယ်မြို့ဝန်းကျင်က ဖြစ်စဉ်မျှသာရှိသေးသည်ဖြစ်ရာ မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။ ဒေသတွင်း ပဋိပက္ခနှင့် တိုက်ပွဲများမြင့်တက်နေသည့် အခြေအနေကြောင့် ဆက်သွယ်ရေး ခက်ခဲမှုများရှိနေသဖြင့် အချက်အလက်များ ရရှိရန် အကန့်အသတ်များစွာရှိနေသည်။
မွေးကင်းစကလေးစွန့်ပစ်မှု ဖြစ်စဉ်များကို သိရှိနိုင်ရန် ထားဝယ်ရှိ အမျိုးသမီးအရေး လှုပ်ရှားသူများ အပါအဝင် ဒေသတွင်းရှိ ရင်ခွင်မဲ့ကလေးများကို ကူညီစောင့်ရှောက်နေသည့် အဖွဲ့များ၊ ပရဟိတအသင်းများကို လက်လှမ်းမီသမျှ မေးမြန်းခဲ့သည်။
သို့သော် ဒေသတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့် အချက်အလက် ကောက်ယူရန် ခက်ခဲသည့်အတွက် ၎င်းတို့အနေဖြင့်လည်း ကောက်ယူထားခြင်း မရှိကြောင်းသိရသည်။
သို့သော် ယင်းသို့သော ဖြစ်စဉ်များမှာ မကြာခဏမြင်တွေ့နေရပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်းသာ မှတ်ချက်ပြုပြောဆိုကြသည်။
Dawei Watch ၏ မှတ်တမ်းများအရလည်း စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်တွင် မွေးကင်းစ ကလေးစွန့်ပစ်သည့် ဖြစ်စဉ်များ နေရာအနှံ့ဖြစ်လာသည်ကို တွေ့ရသည်။
ကမ္ဘာမီးလောင် သားကောင်ချနင်း
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မိသားစု ကမ္ဘာငယ်လေးများသည် သူ့နည်းနှင့်သူ ကိုယ်စီ လောင်ကျွမ်းနေကြသည်သာ။
စစ်မက်ကြားက မလုံခြုံမှု၊ အကြောက်တရား၊ နေအိမ်မီးရှို့ဖျက်ဆီးမှု၊ လူသေအလောင်းအနိဋ္ဌာရုံ၊ စားဝတ်နေရေးကျပ်တည်းမှု၊ ပညာသင်ယူရန် အခက်တွေ့နေကြသူများ စသည့် စသည့်။
မရေတွက်နိုင်သော သောကမျိုးစုံ၊ ဆင်းရဲကျပ်တည်းမှု များစွာကြားတွင် ကလေးငယ်တစ်ဦးကို ပြုစုပျိုးထောင်ရန် စိန်ခေါ်မှုများစွာရှိနေသည်။
ကရင်တိုင်းရင်းသူလေး မနွယ်နီသည်လည်း ခေတ်ဆိုးခေတ်ကျပ်၏ သားကောင်ဖြစ်ခဲ့သည်။
ပျိုမျစ်နုနယ်သည့် လူငယ်ဘဝကို နိုင်ငံရေး၊ စစ်ရေး လှိုင်းဂယက်ကြား ဖြတ်သန်းရင်း မနွယ်နီလည်း မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်ဖြင့် လောကဓံကို အရွယ်နှင့်မမျှ ရင်ဆိုင်နေရသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ်တွင် ခင်ပွန်းဖြစ်သူက စွန့်ပစ်သွားခြင်း ခံရသည်။ ဗိုက်တစ်လုံးနှင့် ကျန်ရစ်သော မနွယ်နီသည် ကိုယ်ဝန်ဖျက်ချရန် ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ပေ။
“သူ့မှာ အိမ်ခန်းလခတောင် မပေးနိုင်ဘူး။ ဒီကလေးကို မွေးမယ်ဆိုရင် သူ့အလုပ်လုပ်လို့ရမှာ မဟုတ်ဘူးတဲ့”
ဆေးရုံပေါ်ရှိစဉ် မနွယ်နီပြောပြခဲ့သည့် ဇာတ်ကြောင်းကို ဒေါ်ထွေးက ပြန်ပြောင်းပြောပြ နေခြင်းဖြစ်သည်။
အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး ငယ်ဂုဏ်လေးရှိသူ မနွယ်နီမှာ ကရင်တိုင်းရင်းသူပီပီ ချောမောလှပသူတစ်ဦးဖြစ်ကြောင်း ဒေါ်ထွေးကဆိုသည်။
သို့သော် ဘဝက ကြမ်းတမ်းသည်။
အာဏာမသိမ်းခင်က ဟိန္ဒားသတ္တုတွင်းတွင် လခစားဝန်ထမ်းတစ်ဦးဖြစ်သူ မနွယ်နီမှာ စစ်အာဏာသိမ်းပြီးနောက် သတ္တုတွင်း လည်ပတ်မှုမရှိတော့သဖြင့် အလုပ်လက်မဲ့ဘဝ ဆိုက်ရောက်ခဲ့ရသည်။
နောက်ပိုင်းတွင် စစ်အာဏာသိမ်းအကျိုးဆက် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားလာရာ ဟိန္ဒားသတ္တုတွင်းရှိသည့် ထားဝယ်- ထီးခီးသွားလမ်း (ထားဝယ်အရှေ့တောဒေသ) သည်လည်း မြန်မာပြည် အခြားဒေသများနည်းတူ စစ်မီးတောက်လာသည်။
ဟိန္ဒားသတ္တုတွင်းရှိရာ ဟိန္ဒားရွာအနီးဝန်းကျင် ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ အပြင် အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာသည့် ကော်သူးလေအာမီ(KTLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေစိုက်ထားသည်။
ထားဝယ်-ထီးခီးလမ်းမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်ဖြစ်ရာ ထိုလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့၏ ရှေ့တန်းစစ်မြေပြင်ဖြစ်လာသည်။
စစ်ကောင်စီတပ်က အရှေ့တောဒေသကို ဖုန်း၊ အင်တာနက်လိုင်း၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီသယ်ယူခွင့်ကို ၂၀၂၃ ခုနှစ်မှစကာ နှစ်ချီဖြတ်တောက်ထားသည်။
လုပ်အားခအတွက် “ငွေကိုမလို ဆန်ကိုသာလိုသည်” ဟု တောင်းခံရသည်အထိ စားနပ်ရိက္ခာ ပြတ်လပ်ဆိုးရွားသည့်ဒေသ။
ဒေသခံများမှာ ရှိရင်းစွဲ အသက်မွေးဝမ်းကျောင်းအလုပ်များကို စွန့်ပစ်ကာ တိုက်ပွဲကြား အသက်လု နေကြရသည်။
ထိုကဲ့သို့ဆိုးရွား ပြင်းထန်လှသည့်အခြေအနေတွင် အလုပ်လက်မဲ့၊ ဝင်ငွေမဲ့ တစ်ကောင်ကြွက်သမား
နွယ်နီမှာ လူမမယ်ကလေးတစ်ဦးကို မည်ကဲ့သို့ပြုစုပျိုးထောင်ရပါမည်နည်း။
“နွယ်နီဆေးရုံလာတက်တဲ့အချိန် သူ့မိဘတွေလည်းမပါဘူး။ သူ့ယောက်ျားလည်းမပါဘူး။ မိန်းကလေးအဖော် တစ်ယောက်ပဲပါတယ်။ မေးကြည့်တော့ မိဘတွေ မရှိတော့ဘူးတဲ့။ သူ့ယောက်ျားကလည်း အလုပ်သွားလုပ်မယ်ပြောပြီး ထွက်သွားတာ ပေါ်မလာတော့ဘူးတဲ့” ဟု ဒေါ်ထွေးက ပြန်ပြောင်းပြောပြသည်။
အာဏာ လေဟာနယ်
ကလေးစွန့်ပစ်ပေးကမ်းမှုဖြစ်စဉ်များမှာ အာဏာမသိမ်းခင်ကလည်း ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ မြင့်တက်လာနိုင်ခြေရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူ ထားဝယ်ဒေသခံ မယ်ကျင်က ပြောသည်။
“စီးပွားရေးအရရော အဖက်ဖက်က ကျပ်တည်းလာတဲ့အချိန်မှာ သားတစ်ယောက်ရဲ့ ဝန်ကိုထမ်းဖို့ဆိုတာကလည်း အခုချိန်မှာ မလွယ်ဘူးလေ။ အဲဒီအချိန်မှာ ကိုယ့်သားသမီးရဲ့ ရှေ့ရေးကို မတွေးနိုင်တော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပေးပစ်လိုက်တာတွေဖြစ်လာကြတာပေါ့” ဟု မယ်ကျင်က ပြောဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတို့ ဒေသတွင်း ပိုမိုအဖြစ်များလာပြီး ယင်းမှတစ်ဆင့် ကလေးစွန့်ပစ်သည့် ဖြစ်စဉ်များဖြစ်လာကြောင်း ၎င်းကဆိုသည်။
Dawei Watch သိရှိထားသည့် ကလေးစွန့်ပစ်ပေးကမ်းလိုက်သည့်ဖြစ်စဉ် လေးခုမှာလည်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ စားဝတ်နေရေးကျပ်တည်းမှုတို့နှင့် ပတ်သက်ဆက်နွယ်လျက်ရှိသည်ကို တွေ့ရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအဆင်မပြေမှုကြောင့် မိသားစုဝင်တစ်ဦးဦး နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ရမှု များပြားလျက်ရှိသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် တနင်္သာရီတိုင်းသားများ ပိုမိုထွက်ခွာကြသည်။
ထိုကဲ့သို့ မိသားစုတကွဲတပြားဖြစ်နေချိန် လူမှုရေးအရှုပ်အရှင်းများဖြစ်ပေါ်လာပြီး ရလာသည့် ရင်သွေးအား သွေးမတော်သားမစပ်သူတို့ထံ ထိုးအပ်လိုက်ကြသည့် ဖြစ်စဉ်မျိုးလည်းရှိသည်။
အထက်ပါ ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်တွင် ယခုနှစ်ထဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နောက်ထပ်အလားတူဖြစ်စဉ်တစ်ခုလည်း လောင်းလုံးမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေးအား အခြားသူတစ်ဦထံစွန့်ပစ်ပေးကမ်းကာ မိခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်ဟုဆိုသည်။
နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ကိုယ်ဝန်ရှိလာချိန်တွင် အတူနေချစ်သူက စွန့်ပစ်သွားခြင်းကြောင့် ကလေးမွေးပြီးနောက် သူများကိုပေးလိုက်ခြင်းဖြစ်သည်။
မနွယ်နီ၏ဖြစ်စဉ်တွင်မူ စီးပွားရေးကျပ်တည်းမှုကြောင့် ကလေးစွန့်ပစ်ခဲ့ရခြင်းမျိုးဖြစ်သည်။
ထားဝယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဒေါ်ထွေးတို့က ကလေးလေးကိုမစွန့်ပစ်ဘဲ မွေးရန် အကြိမ်ကြိမ်နားချခဲ့သော်လည်း တစ်လ ခုနစ်သောင်းကျပ်ပေးရသည့် အိမ်လခကိုပင် မှန်မှန် မဆပ်နိုင်သော သူ့ဘဝထဲကို ဆွဲသွင်းလိုဟန်မရှိသော မနွယ်နီသည် ကလေးကိုပေးပစ်ရန်သာ ဆုံးဖြတ်ခဲ့လေသည်။
“ဆေးရုံထက်မှာလည်း ထမင်းတွေကအစ ကျွန်မဝယ်ကျွေးတယ်။ အိမ်လခလည်းဆပ်ပေးလိုက်တယ်။ ပိုက်ဆံတစ်သိန်း(ကျပ်) ပေးတာ အရမ်းဝမ်းသာနေသေးတာ” ဟု အသားဖြူဖြူ ဝဝကစ်ကစ် မွေးစားသားလေးကို ရင်ခွင်ပိုက်ထားရင်း ဒေါ်မထွေးကပြောဆိုသည်။
မနွယ်နီမှာ သူ့ကလေးအား ဒေါ်ထွေးလက်ထဲအပ်လိုက်သည့်အချိန်မှစပြီး လူမသိ၊ သူမသိ ထားဝယ်ဆေးရုံပေါ်မှ ဆင်းသွားပြီးနောက် လုံးဝအဆက်အသွယ်မရတော့ဟုဆိုသည်။
မြေစာပင်
ခေတ်ပျက်စနစ်ဆိုးအောက်တွင် မနွယ်နီကဲ့သို့သော မိဘများ ကလေးစွန့်ပစ် ပေးကမ်းလိုက်ကြရသည့် ရင်နင့်ဖွယ် အဖြစ်ဆိုးများမှာ မကြာခဏကြားနေရသော်လည်း ယင်းဖြစ်စဉ်များကို အရေးတယူပြုမည့်သူမရှိ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်လာနေသည်။
မိဘအရင်းတို့၏ စွန့်ပစ်ခြင်းခံလိုက်ရသည့် ကလေးတို့မှာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအဖွဲ့များ၊ နီးစပ်ရာဆွေမျိုးများ၊ ကလေးမွေးစားလိုသူများထံ ရောက်ကုန်ကြသည်။
ပဋိပက္ခရှည်ကြာလာသည်နှင့်အမျှ ပြည်သူများမှာ စစ်ရေးပဋိပက္ခ၏ သားကောင်များဖြစ်လာပြီး ကလေးများ မြေစာပင်ဖြစ်လာနေသည်ကို ဝမ်းနည်းစွာတွေ့နေရကြောင်း တနင်္သာရီတိုင်း ရင်ခွင်မဲ့လျှော့ချရေးအသင်း ဥက္ကဋ္ဌဟောင်းတစ်ဦးက သုံးသပ်သည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ကလေးများမှာ ကလေးသူငယ်အခွင့်အရေးပါ ရပိုင်ခွင့်များအားလုံး ဆုံးရှုံးနေကြောင်း ပြောဆိုသည်။
“ကလေးအခွင့်အရေးမှာပါတဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်မှုခံယူပိုင်ခွင့်၊ ပါဝင်ခွင့်ဆိုတဲ့အချက်တွေ အားလုံး ကျွန်တော်တို့တိုင်းပြည်မှာ ဆုံးရှုံးနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ကမ္ဘာ့ကလေးများနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
NLD အစိုးကလက်ထက်က မွေးကင်းစကလေး စွန့်ပစ်ပေးကမ်းမှုများကို တားဆီး၊ လျော့ချနိုင်ရန် နိုင်ငံတစ်ဝန်းတွင် ရင်ခွင်မဲ့ကလေးလျော့ချရေးအသင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်ခဲ့ဖူးသည်။
တနင်္သာရီတိုင်းတွင်လည်း လူဝန်မှု ကြီးကြပ်ရေးဦးစီးဌာနနှင့် လက်တွဲဆောင်ရွက်မည့် ရင်ခွင်မဲ့ကလေးလျော့ချရေးအသင်း ပရဟိတအဖွဲ့ကို မြို့နယ်တိုင်းတွင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
မွေးကင်းစကလေးစွန့်ပစ် ပေးကမ်းမှုလျော့ချနိုင်ရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သလို၊ အကြောင်းအမျိုးအမျိုးကြောင့် ကလေးစွန့်ပစ်မှုများရှိလာပါ အစိုးရဂေဟာများတွင် နေနိုင်အောင်ဆောင်ရွက်ပေးခဲ့ကြကြောင်း ထိုအသင်း ဥက္ကဋ္ဌဟောင်းက ပြောပြသည်။
“ကလေးကို မစွန့်ပစ်ခင်ပေါ့ မိခင်ကိုကျွန်တော်တို့က နို့ခြောက်လတိုက်ဖို့စည်းရုံးတယ်။ အဲဒီလိုနို့တိုက်ပြီးလို့ရှိရင် ကလေးကိုမစွန့်ရက်ကြတော့ဘူး။ စွန့်ပစ်တယ်ဆိုလို့ရှိရင်လည်း အစိုးရဂေဟာတွေမှာ နေနိုင်အောင် ညွန်းပို့ပေး။ စာချုပ်စာတန်းနဲ့ မွေးစားမယ့်သူတွေနဲ့ ချိတ်ဆက်ပေးတာတွေလုပ်တယ်” ဟု ၎င်းကပြောပြသည်။
သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းသို့သောလုပ်ငန်းစဉ်များ မရှိသလောက်ဖြစ်လာသည်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မယ်ကျင်ကလည်း ဒေသတွင်းတိုက်ပွဲများအခြေအနေ၊ လုံခြုံရေးအခြေအနေတို့ကြောင့် ရပ်ရွာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြီး အသိပညာပေးလုပ်ငန်းများ မလုပ်နိုင်တော့ကြောင်း ပြောဆိုသည်။
အာဏာမသိမ်းခင်က စွန့်ပစ်ခံကလေးများကို စနစ်တကျပြုစုပျိုးထောင်ပေးမည့် ဂေဟာများကို အစိုးရ၊ ပြည်သူ၊ ပရဟိတအဖွဲ့တို့ ဟန်ချက်ညီညီ တည်ဆောက်နိုင်ခဲ့သော်လည်း လက်ရှိတွင်မူ စွန့်ပစ်ခံကလေးများအတွက် မွေးစားမည့်သူများကို ရှာဖွေချိတ်ဆက်ပေးသည့်နည်းဖြင့် ဖြေရှင်းနေရကြောင်း တနင်္သာရီတိုင်း ရင်ခွင်မဲ့လျော့ချရေးအသင်း ဥက္ကဋ္ဌဟောင်းကဆိုသည်။
ယခုလည်း မနွယ်နီစွန့်ပစ်ပေးကမ်းလိုက်သည့် လသားအရွယ် မောင်ထက်နိုင်ဦးလေးမှာ သွေးမတော်သားမစပ်သူ မွေးစားမိခင် ဒေါ်ထွေး၏ရင်ခွင်ထဲ နို့ဗူးစို့ရင် အိပ်ပျော်နေပေပြီ။
အပြစ်ကင်းစွာသူ့ရင်ခွင်ထဲအိပ်ပျော်နေသည့် ကလေးအား ကရုနာသက်စွာငုံ့ကြည့်ရင်း ဒေါ်ထွေးက ယခုလိုဆိုလိုက်သည်။
“အခုလိုမျိုးအချိန် လူလာဖြစ်ရတဲ့ ဒီကလေးအရမ်းကံဆိုးတာပဲ”