ထားဝယ်မြို့တွင် မေလ ၂၀ရက် ညနေပိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကလေးတစ်ဦး ထပ်မံသေဆုံးကြောင်း မြို့ခံအချို့ နှင့် ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူ ကလေးငယ်မှာ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
မေလဒုတိယပတ်အတွင်း အဖျားရောဂါဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေရာမှ မေလ ၂၀ ရက် ညနေပိုင်းတွင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဆေးရုံ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် မေလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက်သူများနေပြီး ယခုသီတင်းပတ်အတွင်း သွေးသွင်းကုသရမည့် ကလေးလူနာများအတွက် နေ့စဉ်နီးပါး သွေးရှာဖွေပေးရကြောင်း မြို့ခံသွေးအလှူရှင်အသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သွေး (ရှာ) ပေးရတာ ဆက်တိုက်ဖြစ်လာလို့ အခြားမိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပြီး ရှာပေးနေရတဲ့အထိ ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
မေလ ၁၀ ရက်ကလည်း ထားဝယ်ဆေးရုံးကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသနေသည့် အသက် ၆ နှစ်အရွယ် မိန်ကလေးတစ်ဦး သေဆုံးခဲ့သေးသည်။

ထို့ကြောင့် ထားဝယ်မြို့ပေါ်တွင် ၁၀ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသည့် ကလေးနှစ်ဦးအထိ ရှိလာသည်။
ထားဝယ်မြို့ပေါ်တွင် မေလအတွင်း သွေးလွန်တုပ်ကွေးလက္ခဏာတွေ့ရသည့် ကလေးလူနာများလာ သောကြောင့် ထားဝယ်ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့ခံပရဟိတအသင်းဖွဲ့များသည် မြို့ ပေါ်ရှိ ရပ်ကွက်အလိုက် ခြင်ဆေးဖြန်းခြင်းနှင့် အဘိဆေးခတ်ခြင်းများ လုပ်ဆောင်နေကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။
လက်ရှိ ထားဝယ်ဆေးရုံကြီးတွင် အဖျားရောဂါဖြင့် ဆေးရုံတက်ရောက်လာပြီး သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ စောင့်ကြည့်ကုသခံယူနေရသူ ရက်သတ္တပတ်တစ်ပတ်အတွင်း ကလေးလူနာ ၂၀ ဦးခန့်ရှိကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။