BREAKING
May 21, 2025

ဘန်းလမွတ်တွင် စစ်ကောင်စီလမ်းကင်းကို ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်

May 21, 2025

ပုံစာ - ဘန်းလမွတ်ကျေးရွာအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီလမ်းကင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။

မေလ ၂၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်နှင့် ညနေ ၄ နာရီဝန်းကျင်တို့တွင် ဘန်းလမွတ်ကျေးရွာရှိ လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖဇုန် (၅) မှ တောဗုံးကြီးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ပထမအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရပြီး ညနေပိုင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။

သေဆုံး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇဝဲကျေးရွာအခြေစိုက် (၅၅၆) တပ်ရင်းသို့ သယ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ညနေပိုင်း ဒရုန်းဖြင့်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီလမ်းကင်းနှင့် မော်တုန်းအခြေစိုက် အမြောက်တပ် ၃၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဘန်းလမွတ်ဒေသခံတဦးက ဆိုသည်။

ဒရုန်းတိုက်ခိုက်မှုနှင့် စစ်ကောင်စီက လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုတို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့် သေနတ်ပစ်ဖောက်ကာ ဘန်းလမွတ်ရွာ အလယ်ပိုင်းသို့ ဝင်ရောက်လာပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဘန်းလမွတ်ရွာ ဒေသခံများထံမှ သိရသည်။

“ရွာထဲကို သေနတ်နဲ့ တအားပစ်တင်ပြီး ဝင်လာတာ။ တစ်ရွာလုံးဆူညံသွားပြီး လွတ်ရာကို ထွက်ပြေးကြတာ။ တချို့ဆို ကြောက်ပြီး ရေချိုးရာကနေ အဝတ်တောင်မဝတ်နိုင်ခဲ့ကြဘူး” ဟု ဘန်းလမွတ်ဒေသခံတဦးက ပြောသည်။

ထွက်ပြေးနိုင်ခြင်းမရှိသည့် ဘန်းလမွတ်ဒေသခံ ၁၀ ဦး ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးပြီးနောက် တစ်နာရီ နီးပါးအကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဘန်းလမွတ်သား အသက် ၂၂နှစ်အရွယ် ကိုခိုင်ဇော်ဟိန်းကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘန်းလမွတ် ဒေသခံများထံမှ သိရသည်။

“ဘာကြောင့်ဖမ်းသွားမှန်းမသိပေမယ့် ဆိုင်ကယ်တစ်စီးကိုပါ သိမ်းသွားတာ။ သူ့ဆိုင်ကယ်တော့ မဟုတ်ဘူးပေါ့။ ညကျရင် ပြန်လာမယ်လို့ ခြိမ်းခြောက်သွားသေးတယ်” ဟု ဘန်းလမွတ်ဒေသခံအမျိုးသမီးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဘန်းလမွတ်ကျေးရွာလမ်းဆုံကို မေလ ၁၉ရက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက် မေလ ၂၀ ရက်နံနက် ၃နာရီခန့်တွင် အဆိုပါလမ်းဆုံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက် နေရာယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘန်းလမွတ်ရာလမ်းဆုံတွင် စစ်ကောင်စီတပ် မကြာခဏ လမ်းကင်းယူလေ့ရှိပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်များကို သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးဖမ်းဆီးခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။