မြန်မာနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံအချို့မှ ရွှေ့ပြောင်းအခြေချသူ တစ်ဒါဇင်ဝန်းကျင်ကို ထရမ့်အစိုးရက တောင်ဆူဒန်နိုင်ငံသို့ တရားမဝင် ပြည်နှင်ဒဏ်ပေး ပို့ဆောင်လိုက်ကြောင်း ရွှေ့ပြောင်းအခြေချသူအရေး လှုပ်ရှားသူများက စွပ်စွဲလိုက်သည်။
၎င်းတို့ကို ပြန်ခေါ်ယူပေးရန် ရွှေ့ပြောင်းအခြေချသူများအရေးဆောင်ရွက်ပေးနေသည့် ရှေ့နေများက တရားသူကြီးထံ တင်ပြထားကြောင်း The Guardian သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ ရှေ့နေများက အမေရိကန်ခရိုင်တရားသူကြီး ဘရိုင်ယန်မာဖီအား ယင်းကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သိရသည်။
တရားသူကြီး ဘရိုင်ယန်မာဖီသည် ရွှေ့ပြောင်းအခြေချသူများအား တရားရုံးတွင် ကြိုတင်ကြားနာခြင်းမရှိဘဲ ၎င်းတို့၏ ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ လျင်မြန်စွာ နှင်ထုတ်ပို့ဆောင်ခြင်းကို တားမြစ်သည့်အမိန့် ချမှတ်ထားသူ ဖြစ်သည်။
ရွှေ့ပြောင်းအခြေချသူများအား ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ နှင်ထုတ်ပို့ဆောင်လိုက်လျှင် ထိုနိုင်ငံ၌ ၎င်းတို့အား ဖိနှိပ်အနိုင်ကျင့်မှုအန္တရာယ်များ တွေ့ကြုံရနိုင်သောကြောင့် ယင်းသို့ အမိန့်ချမှတ်တားမြစ်ထားခဲ့ခြင်း ဖြစ်သည်။
အင်္ဂါနေ့က တောင်ဆူဒန်သို့ နှင်ထုတ်ပို့ဆောင်လိုက်မှုသည် ဥပဒေချိုးဖောက်မှုမြောက်နိုင်သည်ဟု တရားသူကြီး ဘရိုင်ယန်မာဖီက ဆိုသည်။

အဆိုပါ ပို့ဆောင်ခဲ့သည့် လေယာဉ်ကို တောင်ဆူဒန်သို့ မရောက်ခင် အမေရိကန်သို့ ပြန်လှည့်ပြန်လာရေး အမိန့်ထုတ်ရန် ချိန်ဆကိုင်တွယ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
တောင်ဆူဒန်သို့ ပို့ဆောင်ခံလိုက်ရသည့် ရွှေ့ပြောင်းအခြေချသူများတွင် မြန်မာနိုင်ငံနိုင်ငံသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်သည့် အဆိုပါ မြန်မာနိုင်ငံသားသည် အင်္ဂလိပ်ဘာသာတစ်ခုတည်းဖြင့်သာ ရေးသားထားသည့် ၎င်းအား ပြည်နှင်ဒဏ်ပေးမည့် အကြောင်းကြားစာကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ယင်းမှာ ကာယကံရှင်နားလည်နိုင်မည့် ဘာသာစကားဖြင့်သာ အကြောင်းကြားစာ ပေးပို့ရမည်ဆိုသည့် တရားရုံးဆုံးဖြတ်ချက်ကို ထရမ့်အစိုးရက ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကပင် တောင်ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂအရာရှိကြီးတစ်ဦးက တောင်ဆူဒန်တွင် ပြည်တွင်းစစ်ကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာမည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။
Source: The Guardian