BREAKING
November 16, 2025

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ် စက်ချို့ယွင်းပြီးပျက်ကျဟု စစ်ကောင်စီပြော

May 21, 2025

ကချင်တပ် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ် ပျက်ကျမှုကို စက်ချို့ယွင်းပြီးပျက်ကျခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မေလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို ထောက်ပို့သွားသည့် ရဟတ်ယာဉ်တစ်စင်း ဗန်းမော်မြို့ အနောက်တောင်ဘက် မီတာ ၁၄၀၀ ခန့် အကွာတွင် ရုတ်တရက် စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရဟတ်ယာဉ်ပျက်ကျသည့်နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

မေလ ၂၀ ရက် မွန်းလွဲပိုင်းက ဗန်မော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့သည့် Mi17 ရဟတ်ယာဉ် သုံးစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပစ်ခတ်ရာ နှစ်စင်းထိမှန်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုထားသည်။

တစ်စင်းမှာ ရွှေကူမြို့သို့ မရောက်မီ ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားပြီး နောက်တစ်စင်းမှာ ရွှေကူလေဆိပ်တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ပစ်ခတ်မှုတွင် မထိမှန်ခဲ့သည့် ကျန်ရဟတ်ယာဉ်တစ်စင်းမှာ မြစ်ကြီးနား နမ့်ပေါင်လေတပ်သို့ ဆင်းသက်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင် ရဟတ်ယာဉ်နှစ်ဆင်း ဆင်းသက်နေစဉ် ရဟတ်ယာဉ် တစ်စင်း၏ Main Rotor တွင် ပေါက်ကွဲမှုဖြစ်သည်ကို မြင်တွေ့ရသည်။

တိုက်ခိုက်ခံရပြီးနောက် ရဟတ်တစ်ဆင်း ချက်ချင်း ပျံတက်ရန်ကြိုးပမ်းစဉ် ရဟတ်ယာဉ်ပေါ်က လူများပြုတ်ကျသည်ကိုလည်း တွေ့ရရသည်။ ယင်းနောက် ရဟတ်ယာဉ်နှစ်စင်းစလုံး ပြန်လည်ထွက်ခွာသွားကြသည်ကို တွေ့ရသည်။

ယင်းအပြင် ရဟတ်ယာဉ် ပျက်ကျသည့်နေရာသို့ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိ ရဟတ်ယာဉ်မှူးသေဆုံးမှုအား အတည်ပြုထားသည်ကိုလည်း ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

KIA သည် ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင်လည်း ကချင်နှင့် ရှမ်းမြောက်တို့တွင် တိုက်လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို ပစ်ချခဲ့သေးသဖြင့် KIA ပစ်ချခဲ့သည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ် လေးစင်းအထိ ရှိလာသည်။