BREAKING
May 1, 2025

သရက်ချောင်းတွင် ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးကြဲ

April 21, 2025

ပုံစာ - ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းဒပ်ရွာ သင်္ချိုင်းဇရပ် ထိခိုက်ပျက်စီးမှု အခြေအနေ။

ထားဝယ်-မြိတ် ကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲများဖြစ်ပွားနေသည့် သရက်ချောင်း မြို့နယ်တွင် ကျေးရွာအချို့ကို ယနေ့ ဧပြီလ ၂၁ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ဝင်းဝနှင့် ရွာချင်းကပ်တွင်ရှိသည့် မင်းဒပ်ရွာ၊ ကမြိုင်ရွာများဘက်ကို စစ်ကောင်စီတပ်က လေယာယဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဧပြီလ ၂၀ရက် ညဦးပိုင်းမှ ယနေ့ နံနက် ၄နာရီခန့်အထိ ဝင်းဝစခန်းဘက်က နှစ်ဖက်ပစ်ခတ်သံများကြားရပြီး ယနေ့ နံနက် ပိုင်းမှ မွန်းလွဲပိုင်းအထိ ပစ်ခတ်မှုမရှိတော့သော်လည်း လေကြောင်းဖြင့်ဗုံးလာကြဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆို သည်။

“မင်းဒပ်မှာ သုံးလုံးကျတယ်။ ကမြိုင်မှာ နှစ်လုံးကျတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် လူထိခိုက်မှု မကြားရသေးသော်လည်း မင်းဒပ်ရွာ သင်္ချိုင်းက ဇရပ်ပြိုကျသွားပြီး ကမြိုင်ရွာအဝင် ဆိုင်ဘုတ်အနီးက နေအိမ်တစ်လုံး ဗုံးကျရောက်ပေါက်ကွဲ ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲကတော့ မနေ့ ညဦးပိုင်းကနေ အခု မနက် ၄နာရီထိပဲ ပစ်နေကြတာ။ ကြိုကြားကြိုကြား ပစ်လိုက်နားလိုက်နဲ့ တစ်ညလုံးပဲ ပစ်နေကြတာ။ ဒီနေ့ မနက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာကတော့ ဆယ်လုံးလောက် ရှိမလား မသိဘူး။ လမ်းကပိတ်ထားတယ်ဆိုတော့ စစ်ဘေးရှောင်တွေ ကူးတို့နဲ့ ကူးပြီးထွက်ပြေးနေကြတယ်” ဟု ဝဲရစ်ရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

လေယာဉ်တစ်စင်း ပျံဝဲကာ ဗုံးချခြင်းဖြစ်ပြီး ဗုံးအချို့မှာ လယ်ကွင်းနှင့် တောစပ်၊ ရွာစပ်များတွင် ကျရောက် ပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဧပြီလ ၁၈ ရက်ကစတင်ကာ ဝင်းဝနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်က ပစ်ခတ်တိုက်ခိုက်နေပြီး ထားဝယ်-မြိတ် အတက်အဆင်း ကားရာနှင့်ချီ လမ်းတွင် ပိတ်မိနေသည်။

ဧပြီလ ၁၉ ရက်ကလည်း ဝင်းဝ၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများဘက်ကို လေယာဉ်ဖြင့် ဗုံးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ရငဲရွာက အသက် ၇ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် မြေးဖိုးနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် မသက်ဆိုင်သည့် ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသဖြင့် ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ သဲချောင်းသား၊ စုံစင်ဖျား၊ ချောင်းဝပြင်စသည့် ကျေးရွာက ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

ရန်ကုန်ကနေ ထားဝယ်ဆင်းသည့်ကားများ စုံစင်ဖျားအထိသာ သွားရပြီး မြိတ်ဘက်ကလာသည့်ကားများမှာ ပလောက်အထိသာ သွား၍ရကာ လမ်းတွင် ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။